Friday, June 28, 2013

မြောက်ဦး ရှင်ကျော်မုနိနယ်မြေမှ မောင်တောသို့ရောက်ရှိလာသူ ဘင်္ဂလာ ဗုဒ္ဓဘာသာဝင်များကို ငွေလှူ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှင်ကျော်မုနိ နယ်မြေတွင် တည်ရှိသော ကျေးရွာပေါင်း ၁၄ ရွာက စုပေါင်းကောက်ခံ ရရှိသော အလှူငွေ ကျပ် (၈) သိန်းကျော်အား ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိ ခိုလုံလာသူများ အတွက် ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် မောင်တောမြို့သို့ လာရောက်လှူဒါန်းခဲ့သည်။
မြောက်ဦးမြို့နယ် ရှင်ကျော်မုနိ နယ်မြေ ကျွန်းထောင်စု ရွာပေါင်း (၁၄) ရွာတွင် ပါဝင်သော ၀က်လှကျောင်း ဆရာတော် ဦးက၀ိသာရနှင့် တင်းထိန်ကန် ဆရာတော် ဦးအိန္ဒ၀ံသတို့မှ ယနေ့တွင် မောင်တောမြို့ ဗဟိုကျောင်းသို့ လာရောက်လှူဒါန်းခဲ့ကြောင်း ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသည်။ ယခုကဲ့သို့ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ၀က်လှကျောင်း ဆရာတော်အား ဆက်သွယ်မေးမြန်းရာ ယခုလို မိန့်ကြားသည်။ “ ဦးဇင်းတို့က ဘင်္ဂလာဒေခ်ျ့က ရခိုင် ဒုက္ခသည်တွေ ဒုက္ခရောက် ကြားသိရတယ်။ သတင်းတွေကိုတော့ အာရ်အက်ဖေ ရခိုင်အစီအစဉ်ကတဆင့် သိရပါတယ်။ ဒါကြောင့် စုဆောင်း ကောက်ခံ ရရှိတဲ့ ငွေကျပ် ရှစ်သိန်း ရှစ်သောင်းကို မောင်တောမြို့ထိ ကိုယ်တိုင် လာရောက် လှူဒါန်းတာ ဖြစ်ပါတယ်။” ယခုကဲ့သို့ ငွေများ ရရှိအောင် စုဆောင်းကောက်ခံခဲ့ပုံကိုလည်း ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။ “ မြောက်ဦး မြို့နယ် ရှင်ကျော် ဘုရား မုနိ နယ်မြေမှာ ကျွန်းထောင်စု ၁၄ ရွာ ဖွဲ့စည်းလို့ ရှိပါတယ်။ ကျွန်းထောင်စု ၁၄ ရွာမှာ ခုလို ဘင်္ဂလာက ဒုက္ခရောက်နေတဲ့သူတွေကို လှူဒါန်းမယ်ဆိုပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ရွာတွေက စေတနာရှင်တွေကို တိုက်တွန်းပြီး စုဆောင်းကောက်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ဒုက္ခသည်များကို မျက်မြင်ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းရသဖြင့် ၀မ်းမြောက်ရကြောင်း၊ အမျိုးသာရေး ရှု့ထောင့်ကကြည့်၍ စိတ်မကောင်း ဖြစ်မိကြောင်း၊ နောက်ထပ်လည်း လှူဒါန်းနိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀က်လှ ဆရာတော်က မိန့်ကြားသွားသည်။ ဘင်္ဂလာဒေခ်ျ့မှ ထွက်ပြေး ရောက်ရှိလာသူ ရခိုင်မျိုးနွယ်စုများ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် ရခိုင်ပြည်နယ် အ၀န်းက စေတနာရှင်များက တတ်နိုင်သလောက် လာရောက် ကူညီ လှူဒါန်းနေကြောင်း သိရသည်။ ရခိုင်ပြည်သူများမှာ ဆင်းရဲကြသော်လည်း အမျိုးသားရေး စိတ်ဓါတ်ဖြင့် ဒုက္ခကျရောက်နေသူများအား လာရောက် ကူညီလှူဒါန်းကြခြင်း အပေါ် မိမိတို့မှ အထူးအားရ ကျေနပ်မိကြောင်း ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသွားသည်။
 (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6141#sthash.pRVfwIB3.dpuf

No comments: