Wednesday, July 24, 2013

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများသို့ တရားမ၀င် ငါးရောင်းချနေသဖြင့် မောင်တောဈေးကွက်သို့ ၀င်ရောက်မှု နည်းပါး

fishing-july24
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းလှေများ ကမ်းသို့ပြန်ကပ်လာကြစဉ်

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများသို့ ငါးများတရားမ၀င် ရောင်းချနေသဖြင့် နတ်မြစ်ဝမှ ဖမ်းဆီးရမိသည့် ငါးများမှာ မောင်တောဈေးကွက်သို့ ၀င်ရောက်ခြင်း မရှိတော့ကြောင်း သတင်းရရှိသည်။
နတ်မြစ်ဝ မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးနေသည့် တံငါသည်များမှာ ရရှိလာသည့် ငါးများအား ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများသို့ ပင်လယ်ပြင်တွင်ပင် တရားမ၀င် ရောင်းချလိုက်ခြင်းကြောင့် ယခုကဲ့သို့ မောင်တောဈေးကွက်သို့ ငါးများဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ငါးဖမ်းဆီး ရောင်းချနေကြခြင်းမှာ ရခိုင်ကမ်းရိုးတန်းတွင် မြန်မာ့ငါးဖမ်းလှေများအား လွတ်လပ်စွာ ငါးဖမ်းဆီးရောင်းချခွင့် ပြုလိုက်ပြီးနောက်ပိုင်းတွင် ပိုမိုများပြားနေပြီး မောင်တောဈေးကွက်သို့ ငါးအကြီးများ ၀င်ရောက်ခြင်း မရှိတော့ဘဲ ငါးအသေးများသာ ၀င်ရောက်နေသဖြင့် ငါးဈေးနှုန်းမှာ မောင်တောဈေးကွက်တွင် မြင့်မားလာနေကြောင်းလည်း သိရသည်။
မောင်တောမြို့နယ် အတွင်းရှိ ငါးဖမ်းလုပ်ကွက်များမှ ဖမ်းဆီးရမိသော ငါးများမှာ မောင်တောမြို့ ငါးဈေးကွက်၏ ဈေးနှုန်းထက် ဈေးပိုရသည့် ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းလှေများသို့ ရောင်းချလိုက်ခြင်းကြောင့် မောင်တောမြို့နယ်၏ စားသုံးမှုအတွက် စစ်တွေဈေးကွက်မှတစ်ဆင့် ငါးပွဲစားများက ၀ယ်ယူရောင်းချနေရကြောင်းလည်း သိရသည်။
"ပင်လယ်ပြင် လုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေရေးနဲ့ အလွန်အကျွံ ငါးဖမ်းဆီးခြင်းကြောင့် ငါးသယံဇာတများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တချို့ငါးဖမ်းကွက်တွေ၊ အထူးသဖြင့် မောင်တောမြို့နယ် အတွင်းက ငါးဖမ်းကွက်တွေကိုတော့ တင်ဒါစနစ်နဲ့ ရောင်းချဖို့ လုပ်သင့်ပါတယ်။ ဒါမှ နတ်မြစ်လုံခြုံရေးကို တစ်ဖက်က စောင့်ကြည့်ရာ ရောက်ပါတယ်" ဟု မောင်တောမြို့နယ် ကုန်သည်များအသင်းက ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်အတွင်း လူထုနှစ်ရပ်လုံး ပင်လယ်ပြင်ထွက်ကာ ငါးဖမ်းဆီးခွင့် ရရှိနေပြီဖြစ်သော်လည်း တချို့ဒေသများတွင် ပင်လယ်ပြင် လုံခြုံမှုမရှိသဖြင့် ငါးဖမ်းလုပ်ငန်းရှင်တချို့ လုပ်ငန်းပြောင်းလဲ ခဲ့ရကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: