Tuesday, July 9, 2013

သိမ်းဆည်းခံမြေများပြန်ရရန် အစိုးရတွင် တာဝန်ရှိ

စစ်အစိုးရလက်ထက်က အကြောင်း အမျိုးမျိုးဖြင့် သိမ်းဆည်းထားခဲ့သော မြေများကို မူလပိုင်ရှင် လယ်သမားများ
ပြန်ရရေးမှာ တိုင်း/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရတို့တွင် အဓိကတာဝန်ရှိကြောင်း လွှတ်တော်၏
မြေသိမ်းမှု စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးတင်ထွတ် က ဇူလိုင် ၈ ရက်က လွှတ်တော်တွင် ပြောကြားလိုက်
သည်။

မြေသိမ်းမှုစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်က အမတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး
ပြည်နယ်နှင့် တိုင်းအလိုက် အဖွဲ့များခွဲကာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိသော်လည်း သိမ်းဆည်းခံမြေများ
ပြန်ရရေးအတွက် ဆောင်ရွက်နိုင်သည့် အာဏာပိုင်အဖွဲ့မဟုတ်သဖြင့် ဒေသဆိုင်ရာအစိုးရများနှင့် ပြည်ထောင်စု အစိုးရတို့တွင် တာဝန်ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်ခြင်းဖြစ်သည်။

လယ်နှင့်မြေများကို သိမ်းဆည်းခံရထားရသူများသည် ၎င်းတို့ပိုင်သည့်မြေများ ပြန်ရရန် အုပ်ချုပ်ရေးအဖွဲ့အစည်း
များ၏ လုပ်ဆောင်ချက်များကို စောင့်မျှော်နေသည်မှာ “ကမ္ဘာဦးလူသားများဟာ အလင်းရောင်ရရှိဖို့အတွက်
နေနဲ့လကို စောင့်စားနေကြသလို” ပင်ဖြစ်ကြောင်းဦးတင်ထွတ်က ဇူလိုင် ၈ ရက် က ပြည်ထောင်စုလွှတ်တော်
တက်လာသည့် အမတ်များကိုပြောပြခဲ့သည်။

ဧရာဝတီတိုင်းတွင်ဆိုလျှင် သိမ်းဆည်း ခံထားရသောမြေများကို ပြန်ပေးရန် တိုင်း လွှတ်တော်က တိုင်းအစိုးရကို
ညွှန်ကြားထားသလို မြေသိမ်းထားသည့် ကုမ္ပဏီ ဥက္ကဋ္ဌကလည်း ၎င်းတို့မလုပ်လိုသဖြင့် ပြန်အပ်ကြောင်း တိုင်းအစိုးရထံစာပို့ထားသော်လည်း လေးလကြာသည်အထိ လယ်သမားတို့လက်ဝယ်သို့ မြေများပြန်မရောက်
သေးကြောင်း မဇ္ဈိမကဖော်ပြထားသည်။

လျော်ကြေး ၆၃ ဘီလျံ

မြေသိမ်းခံရသည့် လယ်သမားများနှင့် မြေသိမ်းသည့် ပုဂ္ဂလိကကုမ္ပဏီများကြား လွှတ်တော်၏ ကော်မရှင်က ကြားဝင်ညှိနှိုင်းကာ လယ်သမားများလျော်ကြေးရရှိရေး ဆောင်ရွက်ပေးမှုများလည်းရှိသည်ဟု ဦးတင်ထွတ်က လွှတ်တော်အမတ်များကို ဇူလိုင် ၈ ရက်က ရှင်းပြခဲ့သေးသည်။

ထိုသို့ လျော်ကြေးရရှိရေးဆောင်ရွက်ပေးမှုကြောင့် နေပြည်တော်ရှိ ခုနစ်မြို့နယ်မှ မြေသိမ်းခံ လယ်သမားများသည် ပုဂ္ဂလိက ကုမ္ပဏီများ၏ လျော်ကြေးစုစုပေါင်း ငွေကျပ် ၁၃ ဘီလျံကျော်ရရှိခဲ့သည်ဟု ဦးတင်ထွတ် က ဆိုသည်။

ထို့အတူ ရန်ကုန်တိုင်းအတွင်းရှိ မြေ သိမ်းခံ လယ်သမားများသည်လည်း လျော်ကြေး ကျပ်ငွေ ဘီလျံ ၅၀ ကျော်ရရှိ
ခဲ့သည်ဟု သူကဆက်ပြောသည်။

လယ်သမားကို သွေးထိုးသူတွေရှိ

သို့သော် မြေသိမ်းမှုစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ၏ လွှတ်တော်တွင် ပြောဆိုခဲ့သည့် မှတ်ချက်တွင် အငြင်းပွားဖွယ်
ဖြစ်နေသည်မှာ သူက မြေသိမ်းခံလယ်သမားများ ဆန္ဒပြကြခြင်းသည် လူတစ်စုက သွေးထိုးလှုံ့ဆော်မှု ကြောင့်
သာဖြစ်သည်ဟု သုံးသပ်ထားသည်။

ထိုလူတစ်စုသည် “လယ်သမားများ၏ မကျေနပ်မှု၊ စိတ်ခံစားမှုများပို၍ ကြီးထွားလာအောင်နဲ့ မကျေနပ်မှုမှသည်
ဒေါသ အဖြစ်ကူးပြောင်းအောင် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်နေကြောင်း” ဦးတင်ထွတ် က ဆိုသည်။

ထို့ပြင် “လမ်းစရိတ်နဲ့ အကျိုးဆောင်ခများတောင်းခံ၍ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုရှိနေကြောင်း လယ်သမားများ တင်ပြချက်အရ သိရှိရတယ်” ဟုလည်း သူက ပြည်ထောင်စုလွှတ်တော်အမတ်များကို ပြောကြားခဲ့သေးသည်။

လယ်သိမ်းခံရသည့် လယ်သမားများသည် လမ်းပေါ်ထွက်ဆန္ဒပြမှုများလည်းရှိနေသလို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ သိမ်းဆည်းထားသည့် မြေပေါ်တွင် ထွန်တုံး တိုက်ပွဲဆင်နွှဲမှုများလည်း နိုင်ငံနှင့်အဝှမ်းတွင် ဖြစ်ပွားလျက်ရှိ
နေသည်။

သိမ်းဆည်းခံလယ်မြေများ အရေးနှင့် ပတ်သက်၍ စောလျင်စွာအရေးယူဖြေရှင်း ဆောင်ရွက်ရန် အဆိုကိုလည်း ဦးတင်ထွတ် က ဇူလိုင် ၈ ရက် ပြည်ထောင်စုလွှတ်တော် တွင် တင်သွင်းထားရာ ထိုကိစ္စကိုဆွေးနွေးမည့် အမတ်များသည် လာမည့်ဇူလိုင် ၁၀ ရက်တွင် အပြီးသတ်စာရင်းပေးသွင်းကြမည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: