Tuesday, July 9, 2013

ကျည်ဆန်ခိုးထုတ်သည့် တပ်ကြပ်နှင့် အရပ်သားငါးဦး ဖမ်းမိ

ကျည်ဆန်ခိုးထုတ်သည့် တပ်ကြပ်နှင့် အရပ်သားငါးဦး ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခြေမြန်တပ်ရင်း (၃၇၅) မှ ကျည်ဆန်များကို ရောင်းချရန် ခိုးထုတ်ခဲ့သည့် တပ်ကြပ်တစ်ဦးနှင့် အရပ်သားငါးဦးကို ဖမ်းဆီးထားကြောင်း ကျောက်တော်မြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောကြားသည်။

ကျောက်တော်မြို့နှင့် တစ်ဖက်ကမ်းရှိ လမ်းမတော်ကျေးရွာတွင် နေထိုင် သည့် ဒေါ်အေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျောက်တော်မြို့သို့ လာရောက်စဉ် စစ်ဆေးခဲ့ရာ ကျည်ဆန် ၃၀၀ တောင့်နှင့်အတူ ဖမ်းဆီးခဲ့ပြီး ယင်းကျည်များကို (၃၅၇) တပ်ရင်းမှ တပ်ကြပ်ကျော်ဝေက တစ်ဆင့် ရရှိသည်ဟုဆို၍ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကာ ယင်းအမူနှင့် ပတ်သက်ဆက်နွှယ်သူဟု ယူဆရသူနှစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း ၎င်းကဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင်လည်း ယင်းအမှုနှင့် ဆက်စပ်သူနှစ်ဦးကို ထပ်မံ ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ရဲမှူးခင်မောင်က ပြောကြားသည်။

အဆိုပါအမှုနှင့် ဆက်စပ်၍ ဇူလိုင်လ ၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ရှိ ဦးလှကြာအောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ ဝင်ရောက်ရှာဖွေခဲ့ရာ ကျည်ဆန်အတောင့် ၃၀၀၀ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဦးလှကြာအောင်ကို ဖမ်းဆီးထားသည်ဟု ပလက်ဝရဲတပ်ဖွဲ့စခန်းက သတင်း ရရှိကြောင်း ကျောက်တော်မြို့ရှိ ရခိုင်အမျိုးသမီးကွန်ရက်မှ ဥက္ကဋ္ဌဒေါ်လှမေက ဆိုသည်။

ဒေါ်အေးကြည်သည် ၎င်းအမျိုးသား လုပ်ကိုင်သည့် ပန်းပဲလုပ်ငန်းမှရသည့် ဂျင်ဂလိ၊ ဓား စသည့် လက်နက်များကို ဘင်္ဂါလီများကို ရောင်းချနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ကျောက်တော်မြို့ အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်က စောင့်ကြည့်နေခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့က ဒေါ်အေးကြည်က လက်နက်များ ရောင်းချရန် လမ်းမတော်ကျေးရွာမှ ကျောက်တော်မြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် ကျောက်တော် ဆိပ်ကမ်းတွင် စစ်ဆေးခဲ့ရာ ကျည်ဆန်များနှင့် ယူဆောင်လာသည်ကို တွေ့ရသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ၎င်းကထပ်မံပြောကြားသည်။

“ကျည်ဆန်တွေကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောင်းချမယ်လို့ သိရတယ်” ဟု ဒေါ်လှမေက ဆိုသည်။

၇ ဒသမ ၆၂ အမျိုးအစား ကျည်အတောင့် ၅၀ နှင့် ၅ ဒသမ ၅၆ ကျည်အမျိုးအစား ၂၅၀ နှင့် ကျပ်နှစ်သိန်းကျော် စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ ကျည်များကို မည်သို့အသုံးပြုရန် ရောင်းချရန် ကိစ္စများကို စစ်ဆေးနေဆဲ အဆင့်တွင်သာ ရှိသေးသဖြင့် ပြောဆို၍ မရသေးဘဲ အဆိုပါ ကျည်ဆန်များကို ခိုးထုတ်မှုတွင် ပါဝင်သူများကို လက်နက်ဥပဒေနှင့် အမှုဖွင့် အရေးယူနေကြောင်း ရဲမှူးခင်မောင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- The Voice Weekly ၏ Facebook စာမျက်နှာ)

No comments: