![]() |
ကချင်စစ်ဘေး ဒုက္ခသည်စခန်း (မိုင်းနားဖွံ့ဖြိုးရေးခြံ) အား မေ ၃၁ ရက်က တွေ့ရစဉ် |
မြန်မာနိုင်ငံ အတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များအနက် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေ ရရှိမှုမှာ ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များထက် ပိုမိုရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက် ပေးရေးရုံး UNOCHA မှ ရရှိသော စာရင်းဇယားများ နှိုင်းယှဉ်ချက်အရ သိရသည်။
ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များ အတွက် အကူအညီများ ပေးအပ်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်မှ စတင်ကာ Rakhine Response Plan ကို ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ပြန်လည်ရေးဆွဲခဲ့သည်။
အဆိုပါ တုံ့ပြန်ရေး အစီအစဉ်အရ ရခိုင်ဒုက္ခသည်များအတွက် ရန်ပုံငွေ လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၆၈ သန်းခန့်ရှိပြီး ၂၀၁၃ ခုနှစ် မေလအထိ ဒေါ်လာ ၄၅ ဒသမ ၇ သန်း ရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ရခိုင်ဒုက္ခသည်များ အတွက် အစားအစာနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ဒေါ်လာ ၂၂ သန်းခန့် ထပ်မံလိုအပ်နေသည်ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များကို ၂၀၁၃ ခုနှစ် မတ်မှ ဒီဇင်ဘာအထိ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန် အတွက် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉ သန်း လိုအပ်နေပြီး လက်ရှိ အချိန်ထိ ၁ ဒသမ ၂ သန်းသာ ရရှိသေးသဖြင့် ရခိုင်ဒုက္ခသည်များထက် ရန်ပုံငွေရရှိမှု များစွာနည်းပါးနေကြောင်း တွေ့ရသည်။
ထို့ကြောင့် ကချင်ဒုက္ခသည်များ အတွက် ယခုနှစ်ကုန်အထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် လိုအပ်နေဆဲ ဖြစ်သည်။
ရခိုင်ဒုက္ခသည်များ အတွက် လိုအပ်သည့် ရန်ပုံငွေမှာ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ၏ အသက်ရှင်သန်ရေး အတွက် အဓိက လိုအပ်သည့် အကူအညီများ ပေးရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း အကူအညီ ပေးအပ်နေသည့် အေဂျင်စီများမှာ ရန်ပုံငွေ နည်းပါးနေပြီး အထောက်အပံ့ ပစ္စည်းများလည်း နည်းပါးနေပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်နှင့်အောက် တိုဘာလများတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် အနှံ့တွင် ရွှေ့ပြောင်းအခြေချ နေထိုင်ရသော ဒုက္ခသည်ပေါင်း ၁၄၀၀၀၀ ခန့် ရှိသည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည်များ၏ ရာခိုင်နှုန်း ၉၀ မှာ ဒုက္ခသည် စခန်းများတွင် တည်ရှိနေဆဲ ဖြစ်သဖြင့် အလှူရှင်များမှ ပေးအပ်သော အစားအစာ အထောက်အပံ့အပေါ် မှီခိုနေရသည်ဟု ဆိုသည်။ ထို့ပြင် စစ်တွေရှိ ဒုက္ခသည် စခန်းများမှာ လူဦးရေ ပြည့်ကျပ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
No comments:
Post a Comment