မေလအတွင်းက တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း
ပြီးစီးပြီးနောက် စက်ယန္တရားများဖြင့် တူးဆွထားသည့် မြေစာပုံများ၊
ချိုင့်ခွက်များနှင့် ကျိုးပျက်သွားသည့် တာပေါင်များကို
ပြန်လည်ပြုပြင်ပေးခြင်း မရှိသည့်အတွက် ဒီရေဖိအားကြောင့် တာပေါင်များ
ကျိုးပျက်ကာ ပုစွန်ကန်နှင့် လယ်ယာမြေ ဧက ၄၀၀ ကျော် ပျက်စီးသွားကြောင်း
သတင်းရရှိသည်။
ရခိုင်ပြည် အမ်းမြို့နယ် တပ်တောင်တိုက်နယ် တောင်ဖီလာ ကျေးရွာအုပ်စု ဆယ် ရှဉ်းလုပ်ကျေးရွာ အနီးတွင် ကုန်းတွင်းပိုင်း ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို အိန္ဒိယ Punj Lloyd ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပြီး မြေအောက်ပိုင်း ပိုက်လိုင်းများကို China National Petroleum Corporation (CNPC) မှ တစ်ဆင့်ခံ တရုတ်ကုမ္ပဏီ(cpp)မှ တာဝန်ယူ ဆောင်ရွက်စဉ် ပိုက်လိုင်းသွယ်တန်းမည့် နေရာတစ်ဖက် တစ်ချက်စီတွင် တာပေါင်များ ဆယ်ဖို့ကာ ပိုက်လိုင်းသွယ်တန်း ရခြင်းဖြစ်ပြီး လုပ်ငန်းပြီးဆုံးချိန်တွင် ဒေသခံများမှာ ၎င်းတို့၏ လယ်ယာမြေများကို ပြုပြင်ပေးရန် ကုမ္ပဏီမှ တာဝန်ရှိသူများကို သွားရောက် တောင်းဆိုသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
''ပိုက်လုံးကို မြေအောက်သို့ ထိုးထည့်လိုက်တဲ့အခါ မြေအပျော့၊ ရွှံ့ရည်လိုမျိုးတွေ ထွက်လာပြီးတော့ ကျွန်တော့်လယ်တွေကို ဖုံးလွှမ်းသွားတယ်။ လယ်လုပ်စား မရတော့ဘူး'' ဟု ဆယ်ရှဉ်းလုပ်ကျေးရွာမှ လယ်ပိုင်ရှင် ဦးမောင်တင်သန်းက ဆိုသည်။
ထိုသို့ ပျက်စီးသွားသည့် ပုစွန်ကန်နှင့် လယ်ယာမြေများမှာ အမ်းမြို့နယ် တောင်ဖီလာ ကျေးရွာအုပ်စု၊ ဆပ်ကျပြင်ကျေးရွာ၊ မင်းတက်ကျေးရွာနှင့် ဆယ်ရှဉ်းလုပ် ကျေးရွာသားများ ပိုင်ဖြစ်ပြီး တာပေါင်များ ကျိုးပေါက်မှုကြောင့် ပင်လယ်ရေငံများ ၀င်ရောက်ကာ ပျက်စီးသွားရခြင်း ဖြစ်ကြောင်း သိရသည်။
''သူတို့လုပ်ငန်းပြီးတာနဲ့ မိုးရာသီ လယ်စိုက်ချိန် ရောက်ပြီ။ ပထမဆုံးတော့ ငှက်ခေါင်းချောင်းတာပေါင် ရေကျော်ပြီး တာပေါင်ကျိုးသွားတယ်။ ဆည်ပေါက်တော့ ပင်လယ်ရေရဲ့ အရှိန်ကြောင့် အုန်းခင်းချောင်း တာပေါင်ထပ်မံ ကျိုးပေါက်သွားပြီး နောက်ထပ် ဆည်လေးလုံး ကျိုးပေါက်သွားတာ။ အခုပျက်စီးသွားတာ လယ်ယာမြေဧက ၁၈၀ ကျော်နဲ့ ပုစွန်ကန် ဧက ၂၀၀ ကျော်ထိ တောင်ရှိတယ်'' ဟု ဆပ်ကျပြင် ကျေးရွာမဦးနီလွမ်းသူက ပြောကြားသည်။
ဒေသခံတောင်သူများမှာ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ လိပ်မူပြီး တောင်းဆိုမှုများ ရှိခဲ့သော်လည်း ယနေ့ထိ တစ်စုံတရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က'' ကျွန်တော် အဲဒီကိစ္စနှင့် ပတ်သက်ပြီး မသိပါဘူး။ တိုင်တန်းစာတွေလည်း ကျွန်တော်ဆီ ရောက်မလာသေးဘူး'' ဟု ဖြေကြားသွားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments:
Post a Comment