Thursday, July 11, 2013

ရောဂါဖြစ်သည့် ကလေး ၄၀ ရာခိုင်နှုန်း အဟာရချို့တဲ့၍ သေဆုံးရသည်ဟု ၀န်ကြီးဆို

မြန်မာနိုင်ငံအ၀ှမ်းရှိ ရောဂါအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ကလေးများအနက် ၁၀၀ လျှင် ၄၀ ဦးမှာ အဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရသည်ဟုကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ဇူလိုင် ၁၀ ရက်က အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

“အဟာချို့တဲ့တဲ့အတွက် ရောဂါလည်း ၀င်လွယ်ပါတယ်။ ၀င်ရင်လည်း ခံနိုင်ရည်မရှိဘဲ သေပါတယ်”ဟု လွှတ်တော်အမတ်များကို ကျန်းမာရေးဝန်ကြီးက ရှင်းပြခဲ့သည်။

မိခင်အပါအ၀င် ကလေးသေနှုန်း ကျဆင်းရေး လုပ်ဆောင်မည်ဆိုပါက အဟာရ ပြည့်ဝရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုနေပြီဟု ၀န်ကြီးကပြောသည်။

ကလေးများသာမက သွေးသွန်ပြီး သေဆုံးခဲ့ရသည့် မိခင်အမျိုးသမီးအားလုံး၏ ၆၀ရာခိုင်နှုန်းသည်လည်း အာဟာရချို့တဲ့ကာ သွေးအားနည်းပြီး သေဆုံးခဲ့ရသည်ဟုလည်းဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောဆိုခဲ့သေးသည်။

မြို့ပြနှင့် ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက်နည်းပါးရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အစီအစဉ်များကို အောက်လွှတ်တော် အမတ်များအား ရှင်းပြစဉ် ကျန်းမာရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်က ကုလသမဂ္ဂက ဦးဆောင် ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကလေး
နှစ်သန်းခွဲမှာအာဟာရချို့တဲ့မှုကြောင့်ပုညှက်နေပြီး နှစ်သိန်းမှာ ပြင်းထန်စွာအာဟာရချို့တဲ့မှုကြောင့် သေဆုံးနေ
သည်ဟုလည်းကလေးသူငယ်ရန်ပုံငွေအဖွဲ့UNICEFကယခုနှစ် မေလအတွင်းကသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း နေထိုင်သည့် ကျေးလက်ဒေသ အပါအ၀င် နယ်စပ်ဒေသနှင့် မြို့ပြ ဆင်ခြေဖုန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသည်ဟု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်က ၀န်ခံပြောဆိုလိုက်ပြီး အရှိန်မြှင့်တင် လုပ်ဆောင်သွားမည်ဟုလည်း သူက လွှတ်တော် အမတ်များကို ဇူ လိုင် ၁၀ ရက်က ကတိပြုသွားသည်။

မြန်မာကလေးသူငယ်များ အဟာရချို့တဲ့နေမှုကို တိုက်ဖျက်မည်ဟု မြန်မာအစိုးရ ကိုယ်စား ကျန်းမာရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ကုလသမဂ္ဂထံ ကတိပေးထားပြီး ကမ္ဘာ့အဟာရမြှင့်တင်ခြင်း လှုပ်ရှားမှုတွင် မြန်မာပါဝင်မည်ဟုလည်း ၀န်ကြီးက ပြီးခဲ့သည့် မေလတွင် လက်မှတ် ရေးထိုးခဲ့သေးသည်။

“လူတစ်ဦးချင်းစီရဲ့ အဟာရချို့တဲ့မှု သို့မဟုတ် အာဟာရပြည့်ဝမှု အခြေအနေဟာ ကျန်းမာရေးအခြေအနေတစ်ရပ်ကိုသာ ပြသတာ မဟုတ်ဘဲ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပညာရေး အပေါ်မှာပါ အကျိုးသက်ရောက်ပါတယ်”ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က နေပြည်တော်တွင် ကျင်းပသည့် မေလက လက်မှတ်ရေးထိုးပွဲတွင် ပြောထားသည်။

လက်ရှိ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန် ငွေကျပ်သန်းပေါင်း ၅ သိန်း နီးပါးကို လွှတ်တော်က ခွင့်ပြုပေးထားသည်။
(သတင်းအရင်းအမြစ်-မဇ္ဈိမ)

No comments: