Friday, August 2, 2013

ရခိုင်ပြည်တွင် ရေကြီးခဲ့သော မြို့နယ်တချို့၏ အခြေအနေ

လွန်ခဲ့သော တစ်ပတ်လောက်မှစ၍ ရခိုင်ပြည်တွင် အဆက်မပြတ်ရွာသွန်းနေခဲ့သော မိုးကြောင့် မြို့နယ်တစ်ချို့တွင် ရေများကြီးနေပြီး ကမ်းများပြိုကျမှုများရှိခဲ့ကြောင်းကို အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ် မေးမြန်းထားသည်။
မင်းပြားမြို့ မြင်းကွင်းတစ်ခု။ (ဓါတ်ပုံ- RSV)မင်းပြားမြို့ မြင်းကွင်းတစ်ခု။ (ဓါတ်ပုံ- RSV)
မြေပုံမြို့နယ်တွင် ဆည် ၂ ခုစလုံးပေါက်ကာ လေးမြို့မြစ်တစ်လျှောက်တွင် ရေကြီးနေပြီး ကမ်းနားတွင်ရှိသော ကျေးရွာတစ်ချို့ ရေနစ်မြုပ်သွားကြောင်း သိရသည်။ ရေနစ်မြုပ်သွားသော ကျေးရွာများမှ ရွာသူ/သား ၂၀၀ ခန့်သည် နီးစပ်ရာ ဘုန်းကြီး ကျောင်းတွင် တည်းခိုနေရပြီး လယ်ထဲတွင် ရေလွှမ်းမိုးနေသောကြောင့် စပါးများ အတွက် လယ်သမားများမှာ စိုးရိမ်နေကြကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ဝင်းမှ ပြောသည်။
" အခု ကျွန်တော်တို့ဒေသမှာ ရေကြီးပြီးတော့ မြို့မှာရှိတဲ့ တာတမံ ၂ ခုစလုံးက ကျိုးသွားပါတယ်။ အထက်ဖက်က စီးဆင်းလာတဲ့ ရေတွေဟာ လေးမြို့မြစ်ကမ်း နားမှာရှိတဲ့ ကျေးရွာ၊ မြေနိမ့်ပိုင်းဖြစ်တဲ့ ကျေးရွာတွေမှာ ရေတွေ ကြီးနေပါတယ်။ ကျိုးသွားတဲ့ တာတမံ ၂ ခုကို ရွာသားတွေက စုပေါင်းပြီးတော့ မနက်ဖြန် စပြီးဆည်ကြမှာ ဖြစ်ပါတယ်။ ပေ ၆၀ လောက် ဆည်ရပါမယ်။ လယ်ကွင်းတွေက ရေတွေပြည့်နေတော့ လယ်သမားတွေက စပါးတွေ ပျက်စီးသွားမှာကို တော်တော် စိုးရိမ်နေကြပါတယ်။ ငစရိုင်းချောင်းကဆိုရင် လွမ်းလုံးပိုက်ရွာ၊ ပြင်ငဖြူချောင်းရွာ၊ ငမန်းရိပ်ရွာ၊ မျောက်ကြိမ်ရွာစတဲ့ နေရာတွေက တာတမံတွေ ကျိုးပြီးတော့ ရေပြည့်နေပြီးတော့ တစ်ရွာနဲ့တစ်ရွာ သွားလို့မရအောင် ဖြစ်နေပါတယ်။ ဘာကယ်ဆယ်ရေးမှ ရောက်လာတဲ့အသံ မကြားရသေးပါဘူး။ ဒီလိုပဲ ဘုန်းကြီးရဲ့ အကူအညီနဲ့၊ ရွာသူ/သား အကူအညီနဲ့၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရပါတယ်။ " ဟု ပြောသည်။
သင်္ကန်းကျေးရွာကနေ မြေပုံမြို့ပေါ်သို့ စိုက်ပျိုးချေးငွေထုတ်ရန် လာကြသော လူ ၄ ယောက်ပါ စက်လှေတစ်စီးသည် ကျောင်းတောင်ရွာနားတွင် နစ်မြုပ်သွားခဲ့ကြောင်း တစ်ဦးမှာ အလောင်းရှာ၍ မရဘဲပျောက်ဆုံးနေကြောင်းကိုလည်း အမတ် ဦးအောင်ဝင်းမှ ပြောသည်။
ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ မထွေးထွေး ကလည်း " ကျောက်ဖြူမြို့ တစ်မြို့လုံးမှာ ရွာနေတာပါ။ ပျက်စီးဆုံးရှုံးတာတော့၊ ဒဏ်ရာရတာတွေတော့ မကြားမိပါဘူး။ မိုးရွာသွန်းနေသည်မှာ ၁ ပတ်လောက်ရှိနေပြီးတော့ အခုထိမိုးက ရွာနေတုန်းပါပဲ " ဟု ပြောသည်။
ပေါက်တောမြို့တွင် ကုလားတန်မြစ်ကြောင်းမှ အညာရေပေါက်သောကြောင့် မြစ်များရေကြီးကာ ကျေးလက်ဒေသများတွင် မိုးများရွာသွန်းနေပြီး အပျက်အစီး မရှိကြောင်း သိရသည်။
အမ်းမြို့နယ်တွင် လွန်ခဲ့သော ဇူလိုင်လ ၂၆ - ၂၇ ရက်၊ နှစ်ရက်ခန့် တပ်တောင်နှင့် ရန်ကုန်သွားသော မိုးရွာသွန်းပြီး ရေကြီးသောကြောင့် ကားလမ်းတွင် ရေ ၆ ပေခန့် မြှင့်တက်ခဲ့ပြီး ကားများမှာ သွားမရ ဖြစ်နေခဲ့ကြောင်း သိရသည်။ ၄င်း နှစ်ရက်အတွင်း လယ်ကွင်းများကိုလည်း ရေလွှမ်းမိုးခဲ့ပြီး စပါးပျက်စီးဆုံးရှုံးမှုမှာ မရှိကြောင်း သိရသည်။ ယနေ့တွင် ရေများလျော့ကျသွားပြီး ကားများမှာ ပုံမှန်အတိုင်း သွားလာနေနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မင်းပြားမြို့နယ် နာရေးကူညီရေးအသင်းမှ ဒု - ဥက္ကဌ ဦးခင်ဇော်ဝင်းမှ “ အခုတော့ ရေကကျသွားပါပြီ။ လွန်ခဲ့သော ၃ ရက်ခန့်က ရေတစ်ခါမှ မရောက်တဲ့ နေရာတွေ ဖြစ်တဲ့ မြို့လယ်ခေါင်ကို ရေ ၃ ပေခန့် ရေမြှင့်တက်ခဲ့ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၆ ပေခန့် တက်ခဲ့ပြီးတော့ မြစ်ကမ်းနားမှာရှိတဲ့ အိမ်ခြေ ၇ ဆောင်ခန့် ပျက်စီးဆုံးရှုံးသွားပါတယ်။ အဲဒီပျက်စီးသွားတဲ့လူတွေအတွက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ နေရာချထားတာတော့ မရှိသေးပါဘူး။ အိမ်ထောင်စု ၈ စုလောက် ရှိပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေကြပါတယ်။ အခုလောလောဆယ် မှာတော့ မြေတွေက နုံးနေသေးတော့ ကမ်းတွေ ပြိုကျနေပါတယ်။ မိုးက မရွာတော့ပါဘူး။ " ဟုပြောသည်။
တောင်ကုတ်မြို့နယ်မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက " ဒီနေ့တော့ ချောင်းရေတွေ မရှိတော့ပါဘူး။ ဟိုတစ်နေ့က ချောင်းရေတက်တာ မနေ့က နေ့လည် လောက်ရောက်မှ ရေခန်းသွားပါတယ်။ မြို့ထဲမှာ အများအားဖြင့် တက်တာပါ။ လျှပ်စစ်လမ်းတို့၊ ဈေးနားတွေလောက်ပဲ ရေကရောက်ပါတယ်။ ကားလမ်းမကြီးတွေထိ တော့ မရောက်ပါဘူး။ " ဟု ပြောသည်။
ရခိုင်ပြည် တစ်ပြည်နယ်လုံးနီးပါးခန့် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး မောင်တော၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ကမ်းများပြိုကျခြင်း၊ ဆည်တာတမံများ ကျိုးကျခြင်း၊ လယ်ကွင်းများတွင် ရေလျှံနေခြင်းတို့ကြောင့် ဒေသခံလယ်သမားများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ကယ်ဆယ်ရေးအဖြစ် ရွာသူရွာသားများနှင့် နာရေးကူညီရေးအသင်းများမှ ဝိုင်းဝန်းလုပ်ဆောင်လျှက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakntimes ၊ ရေးသားသူ- မြတ်နိုးခင်)

No comments: