The Innovative မှ ဦးဆောင်စီစဉ်၍ ဂျူလိုင် ၂၇ မှ ၂၉ ရက်ထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပခဲ့သော လူငယ်ငြိမ်းချမ်းရေး ဆွေးနွေးနှီးနှောဖလှယ်ပွဲ (Youth for Peace, Myanmar)သို့ ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်) ကိုယ်စားပြု၍ ရခိုင်လူမှုကွန်ရက်(သံတွဲကမ်းခြေ)နှင့် ရခိုင်လူမှုကွန်ရက်(တောင်ကုတ်)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လူငယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်လူမှုကွန်ရက်မှ တက်ရောက်ခဲ့သော လူငယ်များ။ (ဓါတ်ပုံ- ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ)လူငယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်လူမှုကွန်ရက်မှ တက်ရောက်ခဲ့သော လူငယ်များ။ (ဓါတ်ပုံ- ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ)
လူငယ်ငြိမ်းချမ်းရေး ဆွေးနွေးနှီးနှော ဖလှယ်ပွဲသို့ မြန်မာနိုင်ငံတစ်ဝှမ်း နိုင်ငံရေး၊ လူမှုရေး၊ အဖွဲ့အစည်းပေါင်း (၇၀)ကျော်မှ ကိုယ်စားလှယ်ပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဓိကထား တင်ပြဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိ အစိုးရနှင့် နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသော Myanmar Peace Center မှ ပုဂ္ဂိုလ်များ အကြံပေးများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်နယ်တိုင်း ဒေသများမှ လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာ အချို့မှ ကိုယ်စားလှယ်များ၏ မတူညီသော အမြင်များကို တင်ပြဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပညာရှင်များ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိပညာပေးမှုများ၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ အမြင်များ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၏ အမြင်များ၊ မီဒီယာသမားများ၏ တင်ပြချက်များအပေါ် ပြည်နယ်တိုင်း ဒေသ အသီးအသီးမှ တိုင်းရင်းသားပေါင်းစုံ လူငယ်များ၏ မေးခွန်းများအမြင်များ၊ တင်ပြဆွေးနွေးမှုများဖြင့် နွေးထွေးသော ဖိုရမ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားများ၏တန်းတူအခွင့်အရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်စစ်မှန်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေးအတွက် လူငယ်များကို ဖိတ်ခေါ်၍ လက်ရှိကြိုးပမ်းနေကြသူများ၏ လုပ်ဆောင်မှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ပညာရှင်များ၏ အသိပညာနှင့် အကြံများကို သိရှိရယူစေပြီး တိုင်းရင်းသားလူငယ်များ၏ ရင်တွင်းဖြစ် အသံများကို တင်ပြနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် The Innovative အဖွဲ့ နှင့် ဥက္ကဋ္ဌ ဦးမျိုးဇော်အောင်အား ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ)မှ ချီးကျူး ဂုဏ်ပြုလိုက်ပါသည်။
Ref: ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ
(သတင်းအရင်းအမြစ်- Arakntimes)