ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်
ပေါက်တောနယ်ခွဲများတွင် တာဝန်ကျသော အစိုးရ၀န်ထမ်းများကို လစာနှစ်ဆ
တိုးမြှင့်ပေးရန် ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရသို့
တောင်းဆိုပေးသွားရန် အစီအစဉ်ရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့
သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက သြဂုတ် ၆ ရက်တွင် မဇ္ဈိမကို
ပြောသည်။
ယင်းမြို့နယ်များသည် သွားရေးလာရေးခက်ခဲသော ဒေသများဖြစ်ပြီး ၀န်ထမ်းများအတွက် တာဝန်ထမ်းဆောင်ရန် ခက်ခဲသည့် ဒေသများဖြစ်သောကြောင့် ယင်းသို့ တောင်းဆိုပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု လည်း ဦးလှသိန်းက ဆိုသည်။
၎င်းက “ဒီဒေသတွေမှာ ပြည်မကပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ထဲကပဲဖြစ်ဖြစ် ၀န်ထမ်းတွေ ကြာကြာမနေချင်ကြဘူး။ အခွင့် သင့်တာနဲ့ အထက်ကို စာတင်ပြီး ပြောင်းရွှေ့ကြတယ်။ မဖြစ်မနေ တာဝန်ကျတဲ့ ကာလလောက်ပဲ နေကြတယ်။ ဆိုလိုတာက အင်မတန် ခေါင်တယ်။ ဒီနေရာမှာ ကျတဲ့သူတွေက တခြားနေရာက ၀န်ထမ်းတွေထက် ပိုပြီး လုပ်ခလစာ ရသင့်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများဖြစ်သည့် မောင်တောမြို့နယ်၊ မာန်အောင်မြို့နယ်နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတို့တွင် တာဝန်ကျသော အစိုးရ၀န်ထမ်းများကိုလည်း လစာနှစ်ဆ တိုးမြှင့်ပေး ထား ကြောင်း သိရသည်။
အလားတူပင် ချင်းပြည်နယ် မြို့နယ်ကိုးခုစလုံးကိုလည်း ဝေးလံခေါင်ဖျား ဒေသအဖြစ်သတ်မှတ်ကာ အစိုးရ၀န်ထမ်းများ ကို လစာနှစ်ဆ တိုးမြှင့်ပေးထားသည်။ သို့ဖြစ်၍ အထက်ပါမြို့နယ်သုံးခုကိုလည်း တိုးမြှင့်ပေးစေလို၍ တောင်းဆိုပေးမည်ဖြစ်သည်ဟု ဦးလှသိန်းက ပြောသည်။
မောင်တောမြို့ အမျိုးသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းကလည်း “ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်းမှာ အမျိုးသမီး ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေဆို ခုချိန်ထိ မသွားရဲ မလာရဲသေးတဲ့ အခြေအနေမျိုး ရှိနေသေးတယ်။ ပညာရေးဝန်ထမ်းလေးတွေဆို ပိုပြီးဆိုးပါတယ်။ နောက်ဆုံးတော့ ဒေသကလူတွေရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် ထိခိုက်တယ်” မဇ်္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင်မြို့နယ်၁၇မြို့နယ်ရှိပြီး မောင်တောမြို့နယ်၊မာန်အောင်မြို့နယ်နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတို့ကို ဝေးလံခေါင်ဖျားဒေသအဖြစ် သတ်မှတ်ပြီး အစိုးရ၀န်ထမ်းများကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် လစာနှစ်ဆ တိုးမြှင့် သတ်မှတ်ပေးထားသည်။
(သတင်းအရင်းအမြစ်- မဇ်္ဈိမ၊ ရေးသားသူ-ကေဇင်ဦး)

No comments:
Post a Comment