Friday, August 16, 2013

ဆရာကြီး ဦးဦးသာထွန်းနေ့ အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ

U-Aye-Tha-Aung-speech
သြဂတ်စ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ၂၃ နှစ်မြောက် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ၂၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်း အနားကို ဆရာကြီး၏ ဇာတိမြို့ မြောက်ဦးမြို့တွင် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ စုပေါင်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြောက်ဦးမြို့ သင်္ဘောဆိပ် ဧစေတီဘုရားမှ ဒေသခံ လူပေါင်း ၂၀၀ ကျော်ခန့်သည် ဆရာကြီး၏ အုတ်ဂူရှိရာ သျှစ်သောင်းဘုရား အနီးသို့ ချီတက်ပြီး လွမ်းသူ့ပန်းခွေချကာ ဆရာကြီး ဦးသာထွန်းအား ဂါရ၀ပြုခဲ့ကြသည်ဟု သိရသည်။

ယင်းပြင် ဆရာကြီး အုတ်ဂူအနီးတွင် ဆရာ ကြီးအတွက် အမှတ်တရ ဟောပြောပွဲတခုကိုလည်း ကျင်းပခဲ့ကြသည်။

အလားတူ ၂၃ နှစ်မြောက် ဆရာကြီး ဦးသာထွန်းနေ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ALD မှ ဦးဆောင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဦးအေးသာအောင်၊ ဦးတင်ဦး၊ ဦးသာဘန်း၊ ဒေါ်စောခင်တင့်၊ ဦးခိုင်စိုး အစရှိသည့် နိုင်ငံရေးနှင့် လူမူရေး နယ်ပယ်မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဆရာကြီး ဦးသာထွန်း၏ သားဖြစ်သူ ဦးကျော်ထွန်းအောင်လည်း တက်ရောက်ခဲ့ပြီး ဆရာကြီး၏ မြေးဖြစ်သူ ဦးကျော်ထွန်းအောင် သမီးငယ်မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကိုယ်တိုင် တက်ရောက်ပြီး ဆရာကြီး၏ အကြောင်းကို ဟောပြောခဲ့သူ ဦးကျော်ထွန်းအောင်က ယခုကဲ့သို့ဆရာကြီး ဦးသာထွန်းနေ့ကို ကျင်းပခွင့်ရရှိသဖြင့် ၀မ်းမြှောက်ကြောင်း ပြောဆိုသည်။

“ ဘာဘာ ဦးဦးသာထွန်းရဲ့ သားတစ်ယောက်အနေနဲ့ နှစ်တိုင်းနဲ့မတူ ဒီလို စည်စည်ကားကား ကျင်းပခွင့် ရတဲ့အတွက် အလွန်တရာမှ ၀မ်းမြောက်မိပါတယ်။ ဒီလို ဘာဘာနေ့ကို ရခိုင်သူ ရခိုင်သားတွေက အမှတ်တရ ကျင်းပပေးကြတဲ့အတွက် ကျွန်တော်တို့ မိသားစုဝင်တွေအနေနဲ့ အတိုင်းအဆမရှိ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိ ပါတယ်” ဟု ဆရာကြီး ဦးဦးသာထွန်းအား အောက်မေ့ ဂုဏ်ပြုကျင်းပခြင်းနှင့် ပတ်သက်ပြီး ဦးကျော်ထွန်းအောင်က ပြောသည်။

လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံတွင် ဆရာကြီး ဦးဦးသာထွန်းနေ့ကို ပွင့်ပွင့်လင်းလင်း ကျင်းပခွင့်ကို အာဏာပိုင်များက ပိတ်ပင် ထားခဲ့သည်။

ဆရာကြီး ဦးဦးသာထွန်းသည် အမျိုးသား နိုင်ငံရေး တရားဟောမူကြောင့် ၁၉၉၀ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မင်းပြားမြို့နယ် ပြားချောင်းရွာတွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင် (၃) နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်ချခံရပြီး ၃ လ အကြာ ၁၉၉၀ ခုနှစ် သြဂတ်စ်လ ၁၄ ရက်နေ့တွင် စစ်တွေထောင်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာကြီး သေဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃ နှစ် ရှိသွားပြီ ဖြစ်သော်လည်း ရခိုင်အမျိုးသားများက မေ့ပျောက်မသွားကြဘဲ အောက်မေ့ သတိရနေကြသဖြင့် ဆရာကြီး ဦးသာထွန်းမှာ ယနေ့ထက်ထိ ရှင်သန်နေဆဲ ဖြစ်ကြောင်း ဆရာဦးကျော်ထွန်းအောင်က ဆိုသည်။

“ ဒီလို နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရခိုင်သူ ရခိုင်သားတွေကလည်း ဘာဘာကို မမေ့ပျောက်ဘဲနဲ့ နှစ်စဉ် နှစ်တိုင်း ဘာဘာနေ့ကိုကျင်းပပေးကြသလို ဘာဘာရဲ့ ဟောပြော သွန်သင် လမ်းညွန်မှု တွေကို ရခိုင်သူရခိုင် သားတွေ သတိတရ ရှိနေကြတဲ့ အတွက် ဘာဘာဟာ ရခိုင်သူရခိုင်သားတွေရဲ့ ရင်ထဲမှာ ဒီနေ့တိုင်ရှင်သန်နေတယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဇီ ခန်းမတွင် ကျင်းပခဲ့သည့် ဆရာကြီး ဦးဦးသာထွန်းအား ဂုဏ်ပြုသည့် အောက်မေ့ ဖွယ် အခမ်းအနားတွင် ဦးအေးသာအောင်၊ ဦးမောင်ညွှန့်စိန်၊ ဦးကျော်ထွန်းအောင်၊ ရခိုင်သားကြီး ဦးလှမြင့်တို့မှ အသီးသီး ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး ကဗျာဆရာ မောင်စင်ကြယ် (မောင်တော)၊ မောင်မောင်စော (ရခိုင်ညွှန့်ဖူး)နှင့် ကျော်စိုးလူတို့မှ ဂုဏ်ပြု ကဗျာများ ရွှတ်ဖတ်ခဲ့ကြသည်။

အလားတူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်မြို့ တောကျောင်းတွင်လည်း ဆရာကြီး ဦးဦးသာထွန်းအား ရည်စူးပြီး သံဃာတော်များကို အလှူဒါနပြုလုပ်ကာ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ဆရာကြီး ဦးဦးသာထွန်းကို ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်တွင် အဖ ဦး ကောင်းစံရွီ အမိဒေါ်အောင်ကြွဇံတို့မှ မွေးဖွားခဲ့သည်။

DSC_0870

ဆရာကြီးသူ သူ့ဘ၀တစ်လျှောက်လုံးကို ရခိုင်အမျိုးသားများ အတွက် ပေးဆပ်ခဲ့ပြီး အဖိုး မဖြတ်နိုင်သည့် ရခိုင် စာပေအနုပညာ များ၊ သမိုင်းဆိုင်ရာကိစ္စများကို ဖော်ထုတ်ခဲ့သည်။ ဆရာကြီးသည် သူမကွယ်လွန်မှီ အမျိုးသားရေး လိုအပ်ချက်အရ နိုင်ငံရေး လောကသို့ ပါဝင်လာခဲ့ပြီင်္း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ခေါင်း ဆောင်တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် တာဝန်ယူပြီး ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားစဉ် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာတွင် စည်းရုံး ရေးတရား ဟောကြားနေစည် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ်အပြစ်ပေးခံရသည်။

ဆရာကြီးကို ချုပ်နှောင်ထားစဉ် ၁၉၉၀ ခု သြဂုတ်လ ၁၄ ရက်နေ့တွင် ဆရာကြီးမှာ စစ်တွေ အကျဉ်းထောင်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်သွားသည့် သြဂုတ်လ ၁၄ ရက်နေ့ကို ရခိုင်အမျိုးသားများက ဦးသာထွန်းနေ့အဖြစ် သတ်မှတ်ပြီး ယင်းနေ့ကိုရောက်တိုင်း ဆရာကြီးအတွက် အောက်မေ့ ရည်စူးကာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမှုကုသိုလ်များပြုလုပ်ကာ အခမ်းအနားများ ကျင်းပ ပြုလုပ်ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: