Friday, August 16, 2013

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရွှေစေတီကျောင်းဆရာတော်ကို သွားရောက်တွေ့ဆုံ

Get-out-Quintana
 
ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ လာရောက်ခဲ့သည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် သြဂတ်စ်လ ၁၃ ရက်နေ့ နံနက်က စစ်တွေမြို့ ရွှေစေတီကျောင်းဆရာတော် အရိယာဝံသအား သွားရောက် တွေ့ဆုံခဲ့သည်။

ရွှေစေတီကျောင်းဆရာတော် ဦးအရိယာဝံသနှင့် တွေ့ဆုံပွဲတွင် မစ္စတာကင်တားနားက ရခိုင် အမျိုးသားများနှင့် ဘင်္ဂလီများအကြား ပဋိပက္ခဖြစ်ရသည့် အကြောင်းကို မေးမြန်းခဲ့ကြောင်း၊ ဆရာတော်မှ ပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်း အစုံအလင်ကို ရှင်းပြ ပြောဆိုလိုက်ကြောင်း ယခုကဲ့သို့ မိန့်ကြားသည်။

“ ရခိုင်ပြည်နယ်မှာ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်စသည့်ဖြင့် ငြိမ်းချမ်းစွာ နေထိုင် လာကြတယ်။ ဘင်္ဂလီ ၁၀ သိန်းခန့်ကိုလည်း ရခိုင်အမျိုးသားတွေက အလုပ်အကိုင် အခွင့်အလန်း ပေးပြီး နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တယ်။ ဘာသာရေးအရလည်း ဗလီပေါင်း ၂၀၀၀ ခန့် ဆောက်လုပ် ကိုးကွယ်ခွင့်ပေးထားတယ်။ ဒါပေမဲ့ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ်ကပြီး ဒေသခံ ရခိုင် အမျိုးသားတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာတဲ့ အတွက် နောက်ဆုံးမှာ ခုလို ပြဿနာတွေ ဖြစ်ပွားလာရတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်” ဟု ဆိုသည်။

ယင်းအပြင် ရခိုင်အမျိုးသားတွေက ယခုလို တိုက်ခိုက်ခံရသည့်အတွက် မကျေနပ်မူများ တိုးပွားနေကြောင်း၊ သို့အတွက် ယခု လောလောဆယ်တွင် ဘင်္ဂလီ လူမျိုးများနှင့် အတူနေထိုင်ဖို့ရန်မှာ မဖြစ်နိုင်သေးကြောင်း ဆက်လက် ပြောဆိုခဲ့ဟု ဆရာတော်က ဆိုသည်။

ကင်တားနားမှ ယခုဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် နည်းလမ်းများကို မေးမြန်းခဲ့သည်ဟု ဆရာတော်က ပြောသည်။

“ အဓိကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို ရခိုင်တွေဘက်က လိုက်နာသလို ဘင်္ဂလီတွေ ဘက်ကလည်း လိုက်နာဖို့လိုတယ်။ ဥပမာ ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း စိစစ်တာကို ဘင်္ဂလီတွေဘက်က လက်ခံရမယ်။ နောက်ပြီး နိုင်ငံတော်နဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက စီမံကိန်းဆွဲပြီး ပြန်လည်နေရာချ ထားရေး လုပ်နေတာကို ဘင်္ဂလီတွေဘက်က ဆန့်ကျင်နေတယ်။ ဒါတွေဟာ ပြဿနာ ငြိမ်းချမ်းဖို့အကြောင်း မဟုတ်ဘူး။ ပြသနာငြိမ်းချမ်းဖို့ဆိုရင် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ အောက်မှာ အားလုံးက ငြိမ်းချမ်းစွာနေထိုင်ပြီးမှ ငြိမ်း ချမ်းရေး ဆိုတာ ဖြစ်လာမယ်လို့ သူ့ကို ပြောလိုက်တယ်” ဟု ဆိုသည်။

ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းနှင့်ပတ်သတ်ပြီးလည်း ရခိုင်မင်းများအုပ်ချုပ်သည့်ခေတ်၊ ဗမာမင်းများ အုပ်ချုပ်သည့်ခေတ်၊ အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်၊ နောက်ဆုံးတော်လှန်ရေးကောင်စီမှ ယနေ့ နိုင်တော် အစိုးရ လက် ထက်အထိ မရှိသည့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးနုန်းသည်ကို မတွေ့ရကြောင်း၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေပါသည် ဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အနေနှင့် ပြောဆိုသုံးစွဲနေခြင်းသည် ပြဿနာကို ပိုပြီးဆိုးရွား တင်းမာစေသဖြင့် ရှောင်ရှားသင့်ကြောင်း ပြောဆိုလိုက် ကြောင်း ဆရာတော်က ပြောသည်။

မစ္စတာ ကင်တားနားနှင့် စစ်တွေမြို့ရှိ မြို့မိမြို့ဘများနှင့် နံနက်ပိုင်းက တွေ့ဆုံရန် အစီအစဉ်ရှိခဲ့သော်လည်း မြို့မိ မြို့ဖများက တွေ့ဆုံရန် ငြင်းဆိုခဲ့သဖြင့် တွေ့ဆုံရန် အစီအစဉ်မှာ ပျက်သွားခဲ့ရသည်ဟု သိရသည်။

မြို့မိမြို့ဘများမှ မစ္စတာကင်တားနား စာတစ်စောင်ပေးအပ်လိုက် ကြောင်း မြို့မိ မြို့ဘ တစ်ဦးဖြစ်သူ ဦးသာပွင့်ကပြောသည်။

“ ပထမတော့ ကျွန်တော်တို့ သူနဲ့တွေ့ဖို့အစီအစဉ်ရှိတယ်။ တွေ့တဲ့အခါ သူ့ရှေ့မှာဘဲ သူ့ကို သပိတ်မှောက် တယ်ဆိုတာကို ပြောဖို့အစီအစဉ်ရှိတယ်။ လုံးဝ မတွေ့ ဆိုတာမျိုး မဟုတ်ဘူး။ သူလည်း အချိန်မရတဲ့အတွက် နောက်ဆုံး ကျွန်တော်တို့ သူ့ကို ဟိုတယ် ဧည့်ခန်းမှာစောင့်နေတယ်။ သူကအပြင်က သူဝင်လာတာနဲ့ ကျွန် တော်တို့ မိတ်ဆက်ပြီး စာကိုပေးတယ်။ စကားနည်းနည်း ပြောကြမယ်လို့ သူက ကျွန်တော်တို့ကို ခေါ် တယ်။ ကျွန်တော်တို့က ခင်ဗျားနဲ့စကားပြောဖို့ အစီအစဉ်မရှိဘူး။ စာပေးဖို့ လာတာသာ ဖြစ်တယ်လို့ပြောတော့ သူစာကို နည်းနည်းဖတ်ပြီး အပေါ်ကိုတက် သွားတယ်။”

အဆိုပါစာကို မြို့မိမြို့ဘများဖြစ်ကြသည့် ဦးသာပွင့်နှင့် ဦးသန်းထွန်းတို့နှစ်ဦး သွားရောက် ပေးခဲ့ခြင်းပြီး စာတွင်ရေးသားထားသည့် အချက်များကိုလည်း ဦးသာပွင့်က ယခုကဲ့သို့ဆက် ပြောသည်။

“ ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ရသည့် အကြောင်းကိုရင်းကို လူချင်းတွေ့ဆုံပြီးလည်းပြောပြီးပြီ၊ စာနဲ့လည်း အသေးစိတ် ရေးသားပေးပြီးဖြစ်တဲ့ အတွက် ကင်တားနားအနေနဲ့ အားလုံးသိပြီးဖြစ်မယ်။ ဒါပေမဲ့ ခင်ဗျာအနေနဲ့ နိုင်ငံတကာကို ရောက်သွားရင် ခိုးoင်လာသူ ဘင်္ဂလီတွေကို နိုင်ငံသား ပေးဖို့ တောင်းတယ်။ နောက်ပြီး ကင်တားနား တခါ မြန်မာနိုင်ငံကိုကို တခါလာရင် တခါ ပြဿနာ ဖြစ်တယ်။ ပြီးတော့ မိမိတို့ ဒေသခံ ရခိုင် တိုင်းရင်းသားတွေ ကို ကင်တားနားက တရားခံ တွေလို စစ်ဆေး မေးမြန်း တာတွေကို နောက်ထပ် သည်းမခံနိုင်တဲ့အတွက် ခင်ဗျာနဲ့ ပြောဆို ဆွေးနွေးစရာ အကြောင်း မရှိ ပြီဆိုတဲ့ အကြောင်းတွေကို ပြောပြ လိုက်ပါတယ်။”

မစ္စကင်တားနားမှာ ယမန်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရောက်ချင်း စစ်တွေမြို့တွင် ကန့်ကွက် ဆန္ဒပြမှုကို နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး ယမန်နေ့ နေ့လည်းပိုင်းက ဘူးသီးတောင်ထောင်သို့ အသွားတွင်လည်း ဘူးသီးတောင်ဆိပ်ကမ်းနှင့် လမ်းတလျှောက်တွင် ဒေသခံ ရခိုင်တိုင်းရင်းသား ၂၀၀ ခန့်က မစ္စတာ ကင်တေး နားကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)

No comments: