Thursday, August 22, 2013

ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အပြည့်အ၀ သဘောတူညီမှုရပြီ


ကျောက်ဖြူမြို့တွင် သုံးရက်ကြာ ကျင်းပသော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်လုံးကျွတ် စုံညီအစည်း အဝေးသို့ တက်ရောက်သည့် ပြည်နယ်အတွင်းရှိ ၁၈ မြို့နယ်မှ ပါတီကိုယ်စားလှယ်များက ရခိုင်နှစ် ပါတီ
ပေါင်းစည်းရေးကို အပြည့်အ၀ သဘောတူသည်ဟု ဆုံးဖြတ်လိုက်ကြောင်း ပါတီဥက္ကဋ္ဌဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့က တစ်ပါတီတည်း အဖြစ် ပေါင်းစည်းပြီး “ရခိုင်အမျိုးသားပါတီ (ANP)” အမည်ဖြင့် မှတ်ပုံတင်မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ထိုပါတီတို့က ထုတ်ပြန်ခဲ့ကြပြီး၊ ထိုဆုံးဖြတ်ချက်ကို ALD ၏ ပြည်နယ်လုံးကျွတ် စုံညီအစည်းအဝေးက ထပ်မံ အတည်ပြုလိုက်ခြင်းဖြစ်သည်။

သြဂုတ် ၁၇ရက်မှ ၁၉ရက်ထိ သုံးရက်ကြာကျင်းပသော အစည်းအဝေး၏ ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က “တိုင်းရင်းသားတွေ အချင်းချင်း သွေးစည်းညီညွတ်မှု အရေးကြီးသလို၊ တိုင်းရင်းသား တစ်ခုစီအတွင်းမှာလည်း အချင်းချင်း ခိုင်မာတဲ့ ညီညွတ်မှုကို တည်ဆောက်ဖို့ လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အချင်းချင်း ညီညွတ်မှုသင်္ကေတအနေနဲ့ ပါတီနှစ်ခု ပေါင်းစည်းရေးဟာ အထူးအခရာ ကျတဲ့အတွက် ဒီစုံညီအစည်းအဝေးဟာ ရခိုင်သမိုင်းမှာ အရေးပါတဲ့ အစည်းအဝေးတစ်ရပ်လို့ ဆိုရခြင်း ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသည်။

သြဂုတ်လကုန်၌ ပါတီသစ် မှတ်ပုံတင်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ရန် ရှိနေ သဖြင့် စက်တင်ဘာလဆန်းတွင် မှတ်ပုံတင်ရန် ရွှေ့ဆိုင်းလိုက်ရကြောင်း ALD ၏ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“လာမယ့်သြဂုတ်၂၅ ရက်မှာ RNDP နဲ့တွေ့ပြီး ပါတီဖွဲ့စည်းပုံချင်းဖလှယ်ကြမယ်။ ANP အတွက်ဖွဲ့စည်းပုံကို အတည်ပြုမယ်”ဟု ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်ကို သူက ဆက်ရှင်းပြသည်။

ALDပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ တတိယအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရက ထိုပါတီကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့ရာ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည် မှတ်ပုံတင် ခဲ့သည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင် ပါတီဖြစ်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်တွင် အမတ်စုစုပေါင်း ၁၂ ဦး အနိုင်ရရှိခဲ့သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ၊ ဓာတ်ပုံများ- အင်တာနက်)

No comments: