Thursday, August 22, 2013

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် သုံးရက်ကြာ အစည်းအဝေးပြုလုပ်

  
ရခိုင်နှစ်ပါတီ အပြီးသတ် ပေါင်းစည်းနိုင်ရန် ပြင်ဆင်ရေး၊ ဗဟိုအလုပ်အမှုဆောင် အသစ်များ ရွေးချယ်ခြင်း အပါအ၀င် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ သုံးရက်ကြာ အစည်းအဝေးကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် လိုအပ်သည့် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးမှ ငါးဦးအား အပြောင်းအလဲ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို "ရခိုင်အမျိုးသားပါတီ (Arakan National Party)" ဟူသော အမည်ဖြင့် ပူးပေါင်းသွားရန် ဇွန် ၁၇ ရက်က သဘောတူညီချက် ၁၁ ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်များအရ ပါတီတစ်ခုစီမှ ရွေးချယ်ထားသူ ၁၅ ဦးစီဖြင့် ယာယီဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားထားသော တရားဝင် ပူးပေါင်းနိုင်ရန် လိုအပ်သည့် အချက်အလက်များကို လာမည့် သြဂုတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့သွားမည်ဖြစ်ကာ ယခုကျောက်ဖြူ အစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ရခိုင်အမျိုးသားပါတီ၏ အလားအလာများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: