Thursday, August 22, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထူးစီးပွားရေးဇုန် တည်ထောင်ရန် အစီအစဉ် မရှိသေး

O-21-8
စစ်တွေမြို့ မြို့တွင်းတစ်နေရာအား သြဂုတ်ဒုတိယပတ်က တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပေးရန် အစီအစဉ် မရှိသေးကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးအောင်က ပြောကြားသည်။
သြဂုတ် ၂၀ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၏ သင့်လျော်သည့်နေရာတွင် အထည်ချုပ်လုပ်ငန်း၊ အထူးစီးပွားရေးဇုန် တည်ထောင်ပေးရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးအောင်က "ဒေသတစ်ခုမှာ စက်မှုဇုန် (သို့မဟုတ်) အထူးစီးပွားရေးဇုန် ဖြစ်ပေါ်ဖို့ မြေဧရိယာ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ သွင်းအားစုများ ပြည့်စုံဖို့ လိုအပ်တဲ့အပြင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများ အနေနဲ့လည်း လုပ်ငန်းဆောင်ရွက်မယ့် ဒေသ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မည့် ကုန်ချောပစ္စည်းများအား ပြည်တွင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ ရောင်းချနိုင်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးနိုင်မှု အလားအလာ ရှိ၊ မရှိတို့ကို သိရှိနိုင်ရေးအတွက် လိုအပ်သော Feasibility Study အား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယခုအခါ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်း၊  ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်နိုင်မယ့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်နေသေးသည့်အတွက် စက်မှုဇုန် လုပ်ငန်းကြီးများ ပါဝင်သော အထူးစီးပွားရေးဇုန် တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း" ဟု ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
ထိုကဲ့သို့ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ခြင်းအား ဒေါက်တာအေးမောင်က ထပ်ဆင့်ပြောကြားရာတွင် မြေလတ်ပိုင်းတွင် ပိတ်မိနေသော ကုန်စည်များကို ထွက်ရန်အတွက် ပင်လယ်ထွက်ပေါက် လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍစွမ်းအင် လိုအပ်ချက်နှင့် ပတ်သက်၍လည်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိမည့် ၁၀၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအား ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးမည်ဟု ကြားသိရကြောင်း၊ စစ်တွေဒေသသည် ဖွံ့ဖြိုးမှု မရှိသေးဘဲ ပြဿနာပေါင်းစုံရှိသည့် ဒေသဖြစ်သော်လည်း ရေရှည်မျှော်မှန်း၍ အစီအစဉ်တစ်ခု ဆွဲပေးစေလိုပြီး လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခကို တစ်စုံတစ်ခု ကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ပဋိပက္ခ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အကူအညီများ အသုံးပြုကာ ဆုံမှတ်အဖြစ် စက်မှုဇုန်များတွင် ရခိုင်-ဘင်္ဂါလီ တွေ့ဆုံ၍ ယုံကြည်မှု တည်ဆောက်နိုင်မည်ဟု ယူဆကြောင်း၊ သို့ဖြစ်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာဖြစ်စေ သို့မဟုတ် ကာလတစ်ခုမှာဖြစ်စေ သက်ဆိုင်ရာ ၀န်ကြီးဌာန အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး စစ်တွေမြို့ အထူးစီးပွားရေး စက်မှုဇုန် စီမံကိန်းအား အကောင်အထည် ဖော်ပေးရန် မေတ္တာရပ်ခံကြောင်း ပြော ကြားသည်။

No comments: