Tuesday, August 6, 2013

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် မြို့နယ်များရှိ ဒေသခံများ၏ လူနေမှုဆိုင်ရာ စစ်တမ်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အစီရင်ခံစာအား ယခုလအတွင်း ထုတ်ပြန်မည်

B-5-8
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မကွေးတိုင်းအတွင်း ဖြတ်သန်းသွားလာမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူငြိမ်း)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်ပေါင်း ၂၁ မြို့နယ်ရှိ ဒေသခံများ၏ လူနေမှုဘ၀ ပျက်စီးမှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ စစ်တမ်းများနှင့် ပတ်သက်သည့် အစီရင်ခံစာအား ယခုလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ မြို့ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ပိုက်လိုင်းတစ်လျှောက်တွင် နေထိုင်သော ဒေသခံ မြန်မာပြည်သူများ၏ ထိခိုက်နစ်နာမှုများကို အပြီးသတ် ဖြေရှင်းခြင်း မပြုရသေးမီ အချိန်တွင် ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။
"အခု ကျွန်တော်တို့အဖွဲ့က စီမံကိန်းတစ်လျှောက်မှာ ရှိနေတဲ့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေး နေပါတယ်။ စီမံကိန်း တစ်လျှောက်မှာရှိတဲ့ ဒေသခံ အဖွဲ့ အစည်းတွေရဲ့ တင်ပြချက်နဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာအဖြစ် ထုတ်ပြန်ပါမယ်" ဟု ဦးဝင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ ၀င်ရောက်မြှုပ်နှံသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်တပ်တိုးချဲ့ ချုပ်ကိုင်လာမှုများအား ပြည်သူများ ခံစားနေရသည်။ ယင်းဓာတ်ငွေ့ ပိုက်လိုင်းသည် ဇီဝမျိုးကွဲများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့်အတွက် သစ်တောများကို နှစ်ခြမ်းပိုင်းခြား ပစ်လိုက်သည့်အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် ကမ္ဘာပေါ်တွင် ၁၀ ခုမြောက် ထိခိုက်နစ်နာမှု အရှိဆုံးသစ်တော ဖြစ်လာစေသည့်အပြင် သစ်တောပြုန်းတီးမှုများလည်း ထပ်မံဖြစ်ပေါ်စေကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ ယခင်ထုတ်ပြန်ချက်အရ သိရသည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် စပ်လျဉ်း၍ ဒေသခံများအပေါ် ထိခိုက်နစ်နာမှုများ ဆက်လက်မဖြစ်ပေါ်ရေးနှင့် သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး တွန်းအားပေးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် လယ်ယာမြေ လျော်ကြေးများပေးရန်၊ နစ်နာမှုများအား ကုစားရန် စသောအချက်များကို စီမံကိန်း လုပ်ဆောင်သည့် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီထံ တောင်းဆိုမှုများ ရှိခဲ့သော်လည်း သဘာဝဓာတ်ငွေ့များ စတင်တင်ပို့နေသည့် လက်ရှိကာလအထိ ထူးခြားမှု မရှိသည့်အပြင် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးမှာ နစ်နာမှုများအတွက် တောင်းဆိုရင်း တရားစွဲဆို ခံနေရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: