Tuesday, August 6, 2013

ကျောက်ဖြူကို နေ့စဉ်ဓာတ်ငွေ့ကုဗပေ သန်း၂၀ အစိုးရမှ ခွဲတမ်းပေး

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ကူမင်းသို့သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သယ်ပို့မည့် ဓာတ်ငွေ့များ
အနက်မှ ကုဗပေသန်း၂၀ကို ကျောက်ဖြူမြို့တွင်အသုံးပြုရန် အစိုးရက ခွဲတမ်းချထားပေးကြောင်း ဇူလိုင် ၃၀ ရက်
ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူ-ကူမင်း သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နေ့စဉ် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ရာ သန်း ၁၀၀ ကိုသာ မြန်မာနိုင်ငံက ဝေစုရရှိမည်ဖြစ်ပြီး ထိုဓာတ်ငွေ့များအနက်မှ ကုဗပေသန်း ၂၀ ကို အစိုးရက ကျောက်ဖြူအတွက် ဝေစုပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုပမာဏသည်ပင် နည်းပါးနေသေးပြီး ကုဗပေသန်း ၅၀ခန့် ကျောက်ဖြူမြို့အတွက် ဝေစုရသင့်ကြောင်း ရခိုင် သယံဇာတများ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဦးက ဆိုသည်။ “သေချာ တွက်ချက် ကြည့်ရင်တော့ သန်း ၂၀ ဟာ ပမာဏ နည်းတယ်။ ပညာရှင်တွေ ဆိုရင်တော့ ပိုပြီး သိမှာပါ”ဟု သူက ဆိုသည်။

ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဦးလှစောကလည်း “ရခိုင်ပြည်နယ် မီးလင်းရေးအတွက် ပြတ်ပြတ်
သားသား ပြောသင့်နေပြီ။ အခုတော့ သန်း ၂၀ ပေးမယ်ပြောပြီး ထပ်ဘာမှမပြောတော့ အားလုံးက တိတိကျကျ သိချင်နေကြတယ်”ဟုလည်း ယင်းကိစ္စကို ဝေဖန်သည်။

အစိုးရက မြန်မာနိုင်ငံရရှိသည့် ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ အနက် ၂၃ သန်းကို ရေနံချောင်းမြို့မှ ဓာတ်အားပေး
လုပ်ငန်းအတွက် လည်းကောင်း၊ ကုဗပေ ၅၇ သန်းကို တောင်သာမြို့မှ ဓာတ်အားပေးလုပ်ငန်းအတွက်
လည်းကောင်း ခွဲတမ်းမျှဝေ ပေးထားသည်ကိုလည်း နိုင်ငံပိုင်သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များကို ဇူလိုင် ၁၅ ရက်ကတည်းက စတင်၍ စမ်းသပ်ပို့နေပြီဖြစ်ပြီး ထိုဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့သည် လွန်ခဲ့သော
လေးနှစ်က သဘောတူစာချုပ်,ချုပ်ဆိုကာ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။

ပိုက်လိုင်းသွယ်တန်းရာရခိုင်ပြည်နယ်အတွင်းရှိ ဒေသတစ်လျှောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်
ပေးရန်နှင့် မြေယာလျာ်ကြေးကိစ္စ အကျေအလည်ရှင်းပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုများလည်းရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြခေါင်းဆောင် ၁၀ဦးကိုလည်း အာဏာပိုင်များက တရား စွဲဆိုထားသည်။

အဆိုပါပိုက်လိုင်းမှ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၅ ဒသမ၂ ဘီလီယံ ပို့လွှတ်မည်ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် တစ်စုံတစ်ခုကြောင့် ပျက်စီးလျှင်၊ ပေါက်ကွဲလျှင် မည်သို့ စီမံမည်ကိုလည်း အစိုးရက ပွင့်လင်းစွာ မပြောသဖြင့် စိုးရိမ်မှုများလည်း ရှိနေသလို ဒေသခံ ရခိုင်တိုင်းရင်းသားများ ဦးစီး ဖွဲ့စည်း ထားသည့် လူမှုအဖွဲ့အစည်းများကဆိုလျှင် ထိုပိုက်လိုင်းစီမံကိန်းသည် သယံဇာတခွဲဝေမှုဆိုင်ရာ မျှတမှု မရှိဟု အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။
(Source:  Mizzima Burmese)

No comments: