Tuesday, August 6, 2013

ဝေသာလီခေတ်ဝတ်စုံတွေဖြင့် တွေ့မြင်ရမည့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး တေးဂီတပွဲ

“ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တေးဂီတပွဲတော်” ကို သြဂုတ် ၂ ရက်တွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲကို မြသစ္စာ Entertainment မှ ကျင်းပခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က “ငြိမ်းချမ်း ပါစေ ရခိုင်မြေ” အမည်ဖြင့် ပထမအကြိမ်ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။

ယခုကျင်းပမည့်ပွဲတွင် နေတိုး၊ မင်းသွေး၊ ဖော်ကာ၊ အောင်လ၊ ကိုင်ဇာ၊ စိုင်းဆိုင်မော၊ နေမျိုး၊ ဒိုး(ရ်)ရီ၊ ၀င်းကိုခိုင်၊ ညီမင်းခိုင်၊ နေမင်း၊ ထက်အောင်ကျော်၊ စောမင်းသိန်း၊ ကိုကိုနိုင်၊ Dusty Way၊ Bloodly Rose၊ ရတနာမိုင်၊ စိုးပြည့်သဇင်၊ မေကဗျာ၊ စိမ်းလဲ့လဲ့တို့က ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

မြသစ္စာ Entertainment မှ ဒေါ်မူမူထွန်းက “ရခိုင်ပြည်နယ်ကလူတွေ ပြန်လည် တည်ဆောက်နေချိန်မှာ နေဖို့ အဆောက် အအုံအသစ်တွေကို အစိုးရဘက်က လုပ်ပေးပေမယ့် သူတို့လိုအပ်တာတွေကို ထိထိ ရောက်ရောက် ကူညီချင်တယ်။ ပြီးတော့ အခု မောင်တောဘက်ကို ပြေးဝင်လာတဲ့သူတွေရှိတော့ သူတို့ တွေအတွက် ရည်ရွယ်ပြီး သွားရောက်လှူဒါန်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ဒီပွဲမှာ အန်တီတို့ရဲ့ ရက်ကန်းအထည်တွေကို မိုင်လေး၊ မေကဗျာ နဲ့ စိမ်းလဲ့လဲ့တို့ကို ဒီဇိုင်းလှလှနဲ့ ချုပ်ပေးပြီး ၀တ်ဆင် ပေးဖို့ စီစဉ်ထားပါတယ်။ပြီးတော့ဝေသာလီခေတ်က၀တ်စားဆင်ယင်ပုံတွေပါဝင်မယ်။ပွဲအစမှာမင်္ဂလာစည်တော်နဲ့ စဖို့ စီစဉ်ထားပါတယ်” ဟုပြောပြသည်။

ပါဝင်ဖျော်ဖြေမည့် ရတနာမိုင်က “မိုင် လေးက ဒီပွဲမှာ သီချင်းသုံးပုဒ်၊ အတွဲတစ်ပုဒ် သီဆိုမှာပါ။ ပွဲမှာဖျော် ဖြေဖို့အတွက်စပြီးပြင်ဆင်နေပါပြီ။အခုလိုရခိုင်လူမျိုးတွေအတွက်ကျင်းပတဲ့ပွဲမှာ ဖျော်ဖြေခွင့်ရတဲ့အတွက် အရမ်းပဲဝမ်းသာပါတယ်။ ပထမပွဲတုန်းကလည်း ပါဝင်ဖျော်ဖြေခွင့်ရတယ်။ ဒီတစ်ခေါက်လည်း ထပ်မံပြီး ကူညီအားဖြည့်ခွင့် ရတဲ့အတွက် ပျော်ပါတယ်” ဟု ပြောသည်။

“ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တေးဂီတပွဲတော်” အား ညနေ ၆နာရီတွင် စတင်ရန် စီစဉ်ထားပြီး အဆိုတော် ခိုင်မြဲသာက အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်မည် ဖြစ်သည်။

ဖျော်ဖြေပွဲမှရရှိသည့် ရန်ပုံငွေများကို စက်တင်ဘာလအတွင်း မောင်းတောမြို့သို့ သွားရောက်လှူဒါန်းမှာ ဖြစ်ပြီး ပထမအကြိမ် ဖျော်ဖြေပွဲမှ ရရှိငွေများကို ဘူးသီးတောင်၊ မောင်းတောရှိ ရခိုင်ဒုက္ခသည်များကို ဆန်၊ ဆေးဝါးနှင့်ငွေကြေးများ သွားရောက် လှူဒါန်းခဲ့သည်။
(Source: Mizzima Burmese)

No comments: