Tuesday, August 6, 2013

မင်းပြားမြို့ ကမ်းပြိုထိန်းသိမ်းရေးနှင့် ၀န်ထမ်းများပြည့်စုံအောင် မချပေးခြင်းအပေါ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြေပုံအမတ်မေးမြန်းခဲ့

ရခိုင်ပြည် မင်းပြားမြို့သည် မိုးရာသီအတွင်း မိုးရွာသွန်းမှုပြင်းထန်၍ တောင်ကျရေများနှင့် မြစ်ရေများစီးဆင်းမှု ပြင်းထန်သောကြောင့် မြစ်ကမ်းပါးများ နှစ်စဉ်နှစ်တိုင်း ပြိုကျပျက်စီးလေ့ရှိပြီး ၄င်းပျက်စီးမှုများကို ခေတ်မှီနည်းပညာများဖြင့် ပြုပြင်မှုမရှိဘဲ သမာရိုးကျနည်းလမ်းများဖြင့် ပြုပြင်နေသည်ဆို သည်မှာ အဘယ်ကြောင့်လဲ မေးခွန်းနှင့် မင်းပြားမြို့၌ ဌာနဆိုင်ရာများတွင် ၀န်ထမ်းများမပြည့်စုံသည့်အတွက် မည်သည့်အတွက်ကြောင့် ပြည့်စုံအောင် ချပေးခြင်းမရှိသော မေးခွန်းတို့ကို မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက သြဂုတ်လ ၅ ရက်နေ့တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ကြောင်း သိရသည်။
ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ မြစ်ကမ်းပါးပြိုကျပျက်စီးသွားခဲ့ရပြီး နေအိမ်များတချို့လည်း ရေထဲပါသွားခဲ့ကြောင်း သိရသည်။ (ဓါတ်ပုံ - RSV)ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ မြစ်ကမ်းပါးပြိုကျပျက်စီးသွားခဲ့ရပြီး နေအိမ်များတချို့လည်း ရေထဲပါသွားခဲ့ကြောင်း သိရသည်။ (ဓါတ်ပုံ - RSV)
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မဲဆန္ဒနယ်မှ ဦးသာစိန်(ကိုယ်စား) မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက မင်းပြားမြို့ ကမ်းပြိုထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် သမာရိုးကျ ထိန်းသိမ်း လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးမရှိ အလဟသဖြုန်းတီးရာရောက်ပါသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းလေ့လာပြီး ပိုမိုကောင်းမွန်သော နည်းပညာများ အသုံးပြု၍ ကမ်းပြိုခြင်းကို ထိန်းသိမ်းရန် အစီအစဉ်ရှိမရှိ သိလိုပါကြောင်းကို မေးမြန်းခဲ့သည်ဟု သူကပြောသည်။
မင်းပြားမြို့ မြစ်ကမ်းပါးကို လက်ရှိဆောင်ရွက်နေပုံနှင့် မည်သို့မည်ပုံလုပ်ဆောင်ရန် အကောင်းဆုံးလဲ အသင့်တော်ဆုံးဖြစ်မလဲဆိုသည့် အကြောင်းအရာများကိုလည်း သူက ယခုလို အာရ်ကန်တိုင်းသို့ ပြောသည်။
" ဆောင်ရွက်နေတာကတော့ သူတို့ နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာငွေချပေးပြီးတော့ ကျောက်အိတ်တွေချပေးတယ်။ သဲအိတ်တွေချပေးတယ်။ သံလုံးတွေစိုက်တယ်။ အုပ်စီနံရံတွေလုပ်ပေးတယ်။ ဒါပေမယ့် ရေက မင်းပြားကမ်းကိုတိုက်စားတာက ဟိုးအနက်ပေ တစ်ဆယ်လောက်က တိုက်စားတာဆိုတော့ အားလုံးပြိုကျသွားတယ်။ အဲဒီလိုနဲ့ ကမ်းကလဲ အလျှားဆိုရင် တစ်မိုင်နဲ့ လေးဖာလုံ၊ အနံဆိုရင် ခြောက်ဖာလုံလောက် ပြိုကျသွားပြီ။ အဲဒီမှာ အစိုးရအဆောင်အဦးတွေ၊ ဘောလုံးကွင်းတွေ၊ မီးသတ်ကွင်းတွေ၊ ဆေးရုံတွေ၊ သမ၀ါယာမဆိုင်ခန်းတွေ၊ နောက်ပြီးတော့ အိမ်ခြေ တစ်ထောင်လောက်ဟာ အဲဒီမူလနေရာက ရွှေ့ပြောင်းသွားပြီးတော့ မြို့ဟာတဖြည်းဖြည်းနဲ့ ပျက်စီးလို့ လာတယ်။ တနှစ်မှာ ပေ တစ်ဆယ်ကနေ ပေ နှစ်ဆယ်လောက်ထိ ပြိုကျတယ်။ ဒီနှစ်လိုမျိုး မိုးကြီးတယ်ဆိုရင် ပေ ငါးဆယ်ထိပြိုကျသွားတယ်။ ကြာလာရင် ပျက်စီးသွားနိုင်တယ်။ ကျိန်းတောင်ခြေရင်းထိ ရောက်ရင်တော့ မြို့ပျက်စီးသွားနိုင်တယ်။ အဲဒါကို နည်းပညာအရ ကူညီဖို့အတွက် အစိုးရကိုတင်ပြတာပါ။ နောက်လာမယ့် နှစ်တွေမှာ မပြိုကျရအောင်ဆိုရင် ရာမောင်တံတား လုပ်တုန်းက ကမ်းပြိုနေတာကို အထက်က သံတိုင်တွေကို စက်ကရိယာတွေရိုက်တယ်။ အနက်ကြီးရိုက်တာပေါ့။ ပြီးတော့ ရေလွှဲလိုက်တယ်ဆိုတော့ အခုဆိုရင် ရာမောင်တံတားဟာ ကမ်းမပြိုတော့ဘူး။ ကမ်းမပြိုတဲ့အတွက်ကြောင့် အဆင်ပြေသွားတယ်ပေါ့။ အဲဒီလိုမျိုး အထက်က မြစ်ကြောင်းကို လွှဲပစ်ရမယ်။ မြို့ဘက်ကမ်းကရေကြောင်းကို နောက်တစ်ဘက်ကမ်းကိုလွှဲပစ်ရမယ်။ အဲဒီလိုမျိုးမှ မင်းပြားမြို့ရဲ့ ကမ်းပြိုကျတာကို ထိန်းနိုင်မယ်။ " ဟု ပြောသည်။
၎င်းမေးခွန်းနှင့် ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ဖြေကြားရာမှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်‌ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် ရေကြောင်းသွားလာမှုရှိသော အဓိကမြစ်ကြီးများ၏ ရေလမ်းကြောင်းကောင်းမွန်ရေး မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘဏ္ဍာငွေ လျာထားသတ်မှတ်တောင်းခံ၍ ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ မင်းပြားမြို့ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများအတွက် ခေတ်မီနည်းပညာများပံ့ပိုး ကူညီမှုကိုသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိရေးကို ရခိုင်ပြည်နယ် အစိုးအရအဖွဲ့အနေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံ ဆောင်ရွက်သွားသင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သူကဆိုသည်။
ဆက်လက်ပြီး ဦးဖေသန်းမှ မင်းပြားမြို့၌ ဌာနဆိုင်ရာများတွင် ၀န်ထမ်းများ လုံလုံလောက်လောက် မရှိသည့်အတွက်ကြောင့် ဖွဲ့စည်းပုံ၌ ပြဌာန်းထားသည်မှာ ၀န်ထမ်း ၂၀ ဦးဟု သတ်မှတ်ထားသော်လည်း စာရင်းထဲမှာသာ ပြထားပြီး အမှန်တကယ်ခန့်အပ်သည့်အချိန်တွင် ၁၀ ဦးကျော်သာ ခန်အပ်ထာားသည်နှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ၀န်ထမ်းများပြည့်မီအောင် ခန့်အပ်ပေးခြင်းမရှိသော မေးခွန်းကိုလည်း မေးမြန်းခဲ့ကြောင်းကို သူက ယခုလိုပြောသည်။
" အများအားဖြင့်ကတော့ အုပ်ချုပ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ထွေ/အုပ်တို့၊ စစ်ဘဏ်တို့၊ တကယ်လိုအပ်တဲ့ဌာနတွေပေါ့။ ကျောင်းဆရာတွေ၊ ဆရာဝန်တွေပေါ့လေ။ အဲဒါတွေမှာ ဖွဲ့စည်းပုံအတိုင်း မပြည့်မီဘူးပေါ့။ ဆရာဝန်တွေဆိုရင်လည်း တမြို့နယ်မှာ တယောက်၊ နှစ်ယောက်လောက်သာ ရှိတယ်။ ကျောင်းဆရာဆိုရင်လည်း တကျောင်းမှာမှ တယောက်၊ နှစ်ယောက်သာရှိတယ်။ စစ်ဘဏ်မှာဆိုရင်လည်း ငွေချေးဖို့ ၀န်ထမ်းတွေမရှိတဲ့အကြောင့် လယ်သမားတွေ ငွေရဖို့အချိန်မှာ မရကြဘူး။ အချိန်ကြတယ်ပေါ့။ ဒါကြောင့် ဒီလိုမျိုးအခက်အခဲတွေရှိတယ်။ အဆင်မပြေတာတွေရှိတယ်။ ပြီးတော့ ဆယ်တန်းအောင်တဲ့၊ ဘွဲ့ရထားတဲ့ သူတွေလည်းရှိတယ်။ သူတို့က အလုပ်ရဖို့မျှော်တာတွေရှိတယ်ပေါ့။ ဒါကြောင့် အားလုံးအဆင်ပြေအောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအတိုင်း လုပ်ပေးပါလို့ တင်ပြခဲ့တာဖြစ်ပါတယ်။ " ဟု သူကဆိုသည်။
ထိုမေးခွန်းနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီမှ ဖြေကြားရာ၌ တချို့စီးပွားရေးဌာန အလုပ်များတွင် ၀င်ငွေနှင့် ရသုံးငွေ ချိန်ကိုက်ပြီးမှ ခန့်အပ်ရသည်ဆိုသည့် အကြောင်း၊ သို့သော်လည်း လိုအပ်သော ဌာနများတွက် ၀န်ထမ်းများကို လိုအပ်သလို အပြည့်ခန့်အပ် ပေးသွားမည်ဆိုသည့် အကြောင်း၊ ပြီးတော့ အမှန်တကယ်လိုအပ်လာလို့ရှိရင် တိုးပြီးတော့ ခန့်အပ်ပေးသွားမည်ဆိုသည့် အကြောင်း၊ နောက်ပြီး ဖွဲ့စည်းပုံအတိုင်း နောက်နောင်ဆိုပါက လိုအပ်သလို အပြည့်ခန့်အပ်ပေးသွားမည်ဟု အာမခံသွားကြောင်းကို ဖြေကြားသွားသည်ဟု ဦးဖေသန်းက ပြောသည်။
ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ မြစ်ကမ်းပါးပြိုကျပျက်စီးသွားခဲ့ရပြီး နေအိမ်များတချို့လည်း ရေထဲပါသွားခဲ့ကြောင်း သိရသည်။ (ဓါတ်ပုံ - RSV)ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ မြစ်ကမ်းပါးပြိုကျပျက်စီးသွားခဲ့ရပြီး နေအိမ်များတချို့လည်း ရေထဲပါသွားခဲ့ကြောင်း သိရသည်။ (ဓါတ်ပုံ - RSV)
 (သတင်းအရင်းအမြစ်- Arakantimes)

No comments: