သံတွဲမြို့တွင် လွန်ခဲ့သော သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၇ နာရီခန့်မှစ၍ ရေကြီးနေသောကြောင့် ဒုက္ခသည်စခန်း ၃ ခုဖွင့်ထားရပြီး အံတော်ချောင်း အနီးတွင်ရှိသော ကျေးရွာ ၈ ရွာခန့်မှ ရေဘေးသင့်ဒုက္ခသည်များမှာ အရေးပေါ်သောက်သုံးရေနှင့် အစားအသောက်များ အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။
သံတွဲမြို့ သြဂုတ်လ ၂၁ ရက်နေ့က ညနေ ၅ နာရီအချိန်တွင် မာဃလမ်းတစ်ဝိုက်၏ ရေအခြေအနေမြင်ကွင်း။ (ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ) သံတွဲမြို့ သြဂုတ်လ ၂၁ ရက်နေ့က ညနေ ၅ နာရီအချိန်တွင် မာဃလမ်းတစ်ဝိုက်၏ ရေအခြေအနေမြင်ကွင်း။ (ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ)
အဓိကရေကြီးနေသော နေရာမှာ မြို့ထဲလမ်းများဖြစ်ပြီး အံတော်ချင်းအနီးတစ်ဝိုက်တွင် ကျေးရွာ ၈ ရွာထဲမှ ၇ ရွာမှာ ရေကြီးမှုဒဏ်ကို အဓိက ခံနေရသောကြောင့် သောက်သုံးရေနှင့် အစားအစာများလုံလောက်မှုမရှိသည့် အခက်အခဲကို ရင်ဆိုင်နေရကြောင်း ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေမှ ပြောရေးဆိုခွင့်ရှိသူ ကိုစိန်ချစ်က ပြောသည်။
" အဓိက ရေကြီးတာက မြို့ထဲလမ်းဖြစ်တဲ့ မာဃလမ်းတစ်လျှောက် လမ်းတွေပါပဲ။ တစ်ချို့ရွာတွေဆိုရင် တစ်ဝက်မြုပ်လိုက်၊ တစ်ဝက်မမြုပ်လိုက်ဆိုတော့ အဆင်တော့ပြေပါသေးတယ်။ ကားတွေက ရွာတွေကို သွားလို့မရဘူး။ အဲဒါကြောင့် ထမင်းတွေချက်ပြုတ်ပြီးတော့ လှေတွေနဲ့ လိုက်ပေးနေရပါတယ်။ အဓိကတော့ ဒုက္ခသည်စခန်းမှာ ထမင်းတွေလိုတယ်။ ရွာတွေမှာတော့ ထမင်းထုပ်တွေအပြင် သောက်ရေတွေပါ အခက်အခဲ ဖြစ်နေပါတယ်။ အခု ကျွန်တော်တို့ ရေသန့်ဘူးတွေ ဝယ်ပြီးတော့ သွားပေးဖို့ ပြင်ဆင်နေကြပါတယ်။ လူကများတော့ မနိုင်ဘူး ဖြစ်နေပါတယ်။ " ဟု သူကဆိုသည်။
ရေဘေးသင့် ဒုက္ခသည်များ အရေအတွက်မှာ လူပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိပြီး ၄င်းတို့သည် ဆံတောင်ရှင်ခြေရင်း၊ အံတောင်တောင်နှင့် မြို့တောင်မှာ ဖွင့်လစ်ထားသော ရေဘေးသင့်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရကြောင်း၊ ထို့အပြင် ကျိုင်းရင်းခံနှင့် ညောင်ပင်ဈေး အောက်ဘက်တွင် ရေအမြင့်မှာ လူနစ်မြုပ်အောင်ထိ ဖြစ်နေသောကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ထမင်းထုပ်များကို ၄င်းတို့ထံ လှေများဖြင့် သွားပို့နေရကြောင်း ကိုစိန်ချစ်က ဆက်ပြောသည်။
" ကျိုင်းရင်းခုံ၊ ညောင်ပင်ဈေး အောက်ဘက်က ရွာတွေမှာ ရေတက်တာ အရပ်မြုပ်ပါတယ်။ ထွက်ပေါက်မရတဲ့ ရွာသူရွာသားတွေကို ထမင်းထုပ်တွေ ချက်ပြုတ်ပြီးတော့ လှေတွေနဲ့ သွားပေးနေရပါတယ်။ အဲဒီမှာတော့ ထမင်းထုပ်တွေနဲ့ သောက်ရေက အရေးတကြီး လိုအပ်နေပါတယ်။ ကားတွေ သွားလို့မရ ဖြစ်နေတာကြောင့် ထမင်းထုပ်တွေကို လှေတွေနဲ့ လိုက်ပေးနေရပါတယ်။ ရွာသူ ရွာသားတွေက အိမ်အောက်ကို ဆင်းလို့မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့် လှေရှိမှ အောက်ကို ဆင်းလို့ ရပါတယ်။ " ဟု ပြောသည်။
ရေဘေးသင့် ဒုက္ခသည်များအား အရေးပေါ် ထမင်းထုပ်ပေးရန်နှင့် သောက်သုံးရေ ထောက်ပံ့ပေးရန်အတွက် သံတွဲတွင်ရှိသော အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြစ်ကြသည့် သွေးလှူအသင်း၊ သာရေးနာရေး ကူညီရေးအသင်း၊ လေးဝတီအသင်းနှင့် ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေအဖွဲ့တို့မှ ကူညီပေးနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ၄င်းတို့နည်း ၄င်းတို့ဟန်ဖြင့် ကူညီပေးနေကြကြောင်း သိရသည်။
" သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ သူတို့အဖွဲ့တွေနဲ့ ဝိုင်းလုပ်နေတာတော့ မြင်ပါတယ်။ အဓိကတော့ လူမှုအဖွဲ့အစည်းတွေက ဝိုင်းလုပ်ရတာက များတယ်လို့ ထင်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘာလုပ်နေလဲဆိုတာကိုတော့ ကျွန်တော်လည်း အများကြီး မပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက သီးသန့် လူမှုအဖွဲ့အစည်းတွေချည်းပဲ လုပ်နေကြတာဆိုတော့ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ပဲ သွားနေကြတယ်။ " ဟု ပြောသည်။
ချောင်းဖျားမိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် သံတွဲမြို့ ရေကြီးမှုအတွင်း ယခုလက်ရှိတွင် အသေအပျောက် ၃ ယောက်ရှိနေပြီဖြစ်ကြောင်း သံတွဲမြို့မှ သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ဗွီအိုအေ မြန်မာပိုင်းတွင် ပြောထားသည်။
သြဂုတ်လ ၂၁ ရက်နေ့တွင် BRIDGE ASIA JAPAN (BAJ) မှ ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေတို့က သံတွဲရေဘေးကြုံရသူများအား ဆန်အိတ် (၃) အိတ်၊ ရယ်ဒီမိတ်ခေါက်ဆွဲထုပ် (၂၂၂၀)ထုပ်နှင့် ရေသန့် (၅၇)ကဒ် တို့ကို ဆံတော်တောင် ကယ်ဆယ်ရေးစခန်းသို့ လှူဒါန်းခဲ့စဉ်။ သြဂုတ်လ ၂၁ ရက်နေ့တွင် BRIDGE ASIA JAPAN (BAJ) မှ ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေတို့က သံတွဲရေဘေးကြုံရသူများအား ဆန်အိတ် (၃) အိတ်၊ ရယ်ဒီမိတ်ခေါက်ဆွဲထုပ် (၂၂၂၀)ထုပ်နှင့် ရေသန့် (၅၇)ကဒ် တို့ကို ဆံတော်တောင် ကယ်ဆယ်ရေးစခန်းသို့ လှူဒါန်းခဲ့စဉ်။
သြဂုတ်လ ၁၉ ရက်နေ့ကစပြီး ယခုအချိန်ထိ မိုးရွာသွန်းနေသော်လည်း ရေကြီးမှုမှာ ၆ လက်မထိ ကျသွားပြီဖြစ်ကြောင်း၊ သံတွဲမြို့ ရေကြီးမှုမှာ ၂၀၀၄ ခုနှစ် အများဆုံးဖြစ်ပြီး ၂၀၀၇ တွင် တစ်ကြိမ်၊ ယခု ၂၀၁၃ တွင်တစ်ကြိမ် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ဇူလိုင်လ နောက်ဆုံအပတ်တွင် ရခိုင်ပြည်မှာ မိုးရွာသွန်းမှုပြင်းထန်ခဲ့သောကြောင့် တောင်ကျရေနှင့် မြစ်ရေတို့၏ ရေကြီးမှုဒဏ်ကို ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းတို့တွင် နေအိမ်များတချို့နစ်မြုပ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်ခဲ့သည့်အတွက် သွားလာရေး အခက်အခဲဖြစ်ခဲ့ရကြောင်း ဒေသခံများမှာက ပြောဆိုကြသည်။
အလားတူပဲ ဤရက်ပိုင်းအတွင်းတွင် ပဲခူးတိုင်း ရွှေတောင်မြို့နယ်အတွင်းမှာ မြစ်ကမ်းပါးများ ပြိုဆင်းမှုဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင်လကုန်းပိုင်းမှလည်း ကရင်ပြည်နယ်တွင်းက မြ၀တီမြို့နှင့် ဘားအံမြို့တို့မှာ ရေကြီးမှုများ အကြီးအကျယ် ဖြစ်ခဲ့ပြီး မြ၀တီမြို့တွင် လူအသေအပျောက်များ ရှိခဲ့ကြောင့် မြ၀တီက ကယ်ဆယ်ရေးလုပ်ငန်းများထံမှ သိရသည်။
သံတွဲကမ်းခြေမှ ထမင်းနှင့်သောက်ရေများကို လှေများဖြင့် ရေနစ်နေသော အိမ်များသို့ အိမ်တိုင်ရာရောက်သွားပေးနေစဉ်။ သံတွဲကမ်းခြေမှ ထမင်းနှင့်သောက်ရေများကို လှေများဖြင့် ရေနစ်နေသော အိမ်များသို့ အိမ်တိုင်ရာရောက်သွားပေးနေစဉ်။

(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ- မြတ်နိုးခင်)