Thursday, August 29, 2013

နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့် မပေးရန် ပြင်ဆင်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပါက ကန့်ကွက်ဆွေးနွေးမည်ဟု ဦးလှဆွေ ပြောကြား

နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့် မပေးရန် ပြင်ဆင်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပါက ကန့်ကွက်ဆွေးနွေးမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်း ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက "ဒီအဆိုကို ဘာလို့ကန့်ကွက်လဲဆိုတော့ ဒေါက်တာအေးမောင်က ဘာလို့တင်တာလဲ။ ဘင်္ဂါလီတွေက သူ့ကိုမဲထည့်မှာ မဟုတ်ဘူး။ ဒါက သေချာတယ်။ အဲဒီတော့ မဲမထည့်မယ့် ဘင်္ဂါလီတွေကို မဲထည့်ခွင့်မပေးတာ ပိုကောင်းတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ တင်တယ်လို့ ထင်တယ်။ ရခိုင်နဲ့ ဘင်္ဂါလီက ဘယ်တော့မှ တည့်မှာမဟုတ်ဘူး။ တစ်သက်လုံး မတည့်ဘူး။ တစ်သက်လုံး မတည့်မယ့် သူတွေကို သူကလုံးဝ မဲမထည့်တာ ကောင်းတယ်လို့ တင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ပါတယ်" ဟု ပြောကြားသည်။
အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ရေးဆွဲရာတွင် န.၀.တ အစိုးရက ဂိတ်ပေါက်တစ်ခု အနေနှင့် ပေးထားခဲ့ခြင်းဖြစ်ကြောင်း၊ ချောင်ပိတ်ရိုက်ရင် ခွေးတောင်ပြန်ကိုက်လေ့ ရှိကြောင်း၊ ဘင်္ဂါလီများကို အဲဒီလို ချောင်ပိတ်လိုက်မည် ဆိုပါက ပထမဆုံး အလုပ်ရှုပ်မှာက စစ်တပ်နှင့် ရဲများဖြစ်ကြောင်း၊ အဲဒီအတွက် ထွက်ပေါက်ပေးထားတာ ဖြစ်ကြောင်း၊ အမေရိကန်မှာတောင် အာဖရိကန် နီဂရိုးတစ်ယောက် သမ္မတ ဖြစ်နေပြီဖြစ်ကြောင်း ဦးလှဆွေက ဆိုသည်။
"ဒီလို ကန့်ကွက်ခဲ့လို့ ဖေ့စ်ဘွတ်တွေနဲ့ ဂျာနယ်တွေမှာ ဦးလှဆွေကို တိုက်ခိုက်တာ တွေ့ပါတယ်။ ကိစ္စမရှိပါဘူး။ ပါတီကို ကိုယ်စားပြုပြီး ကန့်ကွက်တာ မဟုတ်ပါဘူး။ ပါတီနဲ့ မဆိုင်ဘူး။ ကြံ့ခိုင်ရေး အမတ်ဆိုပြီး မပြောပါနဲ့ ဟုတ်တော့ဟုတ်တယ်။ ကန့်ကွက်သင့်လို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်" ဟု ဦးလှဆွေက ပြောကြားသည်။
န.၀.တ အစိုးရ လက်ထက်တွင် အဆိုပါ ဥပဒေကို ရေးဆွဲခဲ့သူများသည် ငပေါ၊ ငပဲများ မဟုတ်ကြောင်း၊ သေသေချာချာ စဉ်းစားပြီးနောက် လာမည့်နှစ် ၅၀ လောက်ကို အမြော်အမြင်ရှိရှိနှင့် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားမှု မရှိစေရန် ဂယ်ပေါက်တစ်ခုရှိရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးမည် ဆိုပါက ကန့်ကွက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဦးလှဆွေက ပြောကြားသည်။
သြဂုတ် ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဒေါက်တာအေးမောင်က ယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူ ရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားများ ထောက်ခံခဲ့သည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: