Thursday, August 29, 2013

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၀န်ထမ်းလျှော့ချသည့်အတွက် အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ လုပ်ငန်းပြီးစီးပြီး ဖြစ်သဖြင့် အခြေခံလုပ်သား ထောင်ချီပြီး လျှော့ချလိုက်ရာ အလုပ်အကိုင် ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူမြို့ရှိ အလုပ်အကိုင် အကျိုးဆောင်များထံမှ သိရသည်။
၂၀၀၉-ခုနှစ်မှစပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ လက်အောက်ခံ တရုတ် CNPC ကုမ္ပဏီ၊ ကိုရီးယား DAEWOO ကုမ္ပဏီ၊ အိန္ဒိယ Punj Lloyd ကုမ္ပဏီများနှင့် ထပ်ဆင့်လက်အောက်ခံ ပြည်တွင်းပြည်ပ ကုမ္မဏီ အသီးသီးတို့တွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသတွင်း အခြေခံ အလုပ်သမား အရေအတွက် ၅၀၀၀ ကျော်ရှိခဲ့ပြီး စီမံကိန်း လုပ်ငန်းပြီးစီးရန် နီးကပ်လာသည့် အချိန်ကာလ ၂၀၁၃ နှစ် ဇူလိုင်လဆန်းပိုင်းမှစပြီး လုပ်သားအရေအတွက်ကို လျှော့ချခြင်းဖြစ်ကြောင်း သိရသည်။
"ရွှေပရောဂျက် စီမံကိန်းမှာရှိတဲ့ ကုမ္ပဏီအသီးသီးက လျှော့ချလိုက်တဲ့ လုပ်သားအရေအတွက် ၅၀၀၀ ကျော်လောက် ရှိပါတယ်။ တချို့နေရပ်ပြန်သွားတာ ရှိပေမယ့် အလုပ်သမား အများစုကတော့ ကျောက်ဖြူမှာပဲ ကြုံရာကျပန်း လုပ်ကိုင်နေကြတာပါ။ ရခိုင်ဒေသမှာက စက်ရုံအလုပ်ရုံတွေ ဖွံ့ဖြိုးမှုမရှိတော့ အလုပ်အကိုင်ကလည်း ရှားပါးတယ်" ဟု ကျောက်ဖြူမြို့ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိကာလတွင် အလုပ်အကိုင်များ ရှားပါးနေသော်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်းလည်း ကျောက်ဖြူမြို့ ဒေသတွင်း အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများက သုံးသပ်နေကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)

No comments: