Wednesday, August 28, 2013

ရခိုင်ဒေသရှိ ကလေးငယ် နှစ်သိန်းခွဲခန့်မှာ အခြေခံကာကွယ်ဆေးများ ထိုးနှံရန် လိုအပ်နေပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုများ အဟန့်အတား ဖြစ်နေသည်မှာ တစ်နှစ်ကျော်ရှိနေ

P-25-8
သူနာပြုတစ်ဦးမှ ကလေးငယ် တစ်ဦးအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ် (ဓာတ်ပုံ-UNICEF)
ရခိုင်ပြည်နယ်ရှိ ကလေးငယ်ပေါင်း နှစ်သိန်းခွဲခန့်မှာ အခြေခံ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်နေသော်လည်း ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုများ အဟန့်အတား ဖြစ်နေသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA မှ သတင်းအချက်အလက်များအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကလေးငယ်များ ကာကွယ်ဆေး ထိုးနှံမှုနှုန်းမှာ အလွန်နိမ့်ပါး နေသဖြင့် အမြန်လုပ်ဆောင်ရန် လိုအပ်နေပြီး ထိုသို့ကာကွယ်ဆေးထိုး လုပ်ငန်းများ အဟန့်အတား ဖြစ်နေရခြင်းမှာ ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF မှ အစီရင်ခံစာအရ ရခိုင်ပြည်နယ် အတွင်းတွင် အသက်တစ်နှစ်အောက် ကလေးငယ်ပေါင်း ရှစ်သောင်းခွဲခန့်မှာ ပုံမှန်ကာကွယ်ဆေးထိုးရန် လိုအပ်နေပြီး အသက်တစ်နှစ်မှ သုံးနှစ်ကြား ကလေးငယ်ပေါင်း ၁၇၃၀၀၀ ခန့်မှာ ဆက်လက်ထိုးနှံရမည့် နောက်ဆက်တွဲ ကာကွယ်ဆေးများ ဆက်ထိုးနှံရန် လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်သိန်းခန့်မှာလည်း ကာကွယ်ဆေးထိုးရန် လိုအပ်နေသည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုအဖြစ် ရခိုင်ပြည်နယ် အတွင်းရှိ ကလေးငယ်ပေါင်း သုံးသိန်းသုံးသောင်းခန့်ကို တိုက်ကျွေးနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ပိုလီယို ကာကွယ်ဆေးများကို ဆက်လက်မတိုက်ကျွေးနိုင်သည်မှာ တစ်နှစ်ကျော်ခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံမှုများကို ဆက်လက်မလုပ်ဆောင်လျှင် ကလေးသေဆုံးမှုများနှင့် တစ်သက်တာ မသန်စွမ်း ဖြစ်သွားနိုင်ခြေများလည်း ရှိနေပြီး ပိုလီယိုကဲ့သို့ ရောဂါများ ပြန်လည်ပေါ်ပေါက် လာနိုင်ကြောင်း UNOCHA က ထောက်ပြခဲ့သည်။
ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုများ အမြန်ဆုံးပြန်လည် စတင်နိုင်ရန် အစိုးရ တာဝန်ရှိသူများ၏ ရှင်းလင်းသည့်ညွှန်ကြားချက်လိုအပ်ပြီးကာကွယ်ဆေးထိုးမှုများမပြုလုပ်ပါက ရောဂါပျံ့နှံ့မှုများ ဖြစ်ပွားလာနိုင်ပြီး ထိစပ်နေသည့် လူမှုဝန်းကျင်များကိုပါ ကူးစက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: