မလေးရှားနိုင်ငံ ကော်လာလာမ်ဘူမြို့တွင် အာရှနေ၀န်းနီဟု တင်စားခေါ်ဆိုကြသည့် ဆရာတော် အသျှင်ဦးဥတ္တမနေ့ ၇၄ နှစ်မြောက်အောက်မေ့ဖွယ် အခမ်းအနားကို မလေးရှားအခြေစိုက် ရခိုင်လူမှုဒုက္ခသည်များ ကယ်ဆည်ရေးအသင်းမှ ဦးဆောင်ကာ ရခိုင့်မျိုးချစ်အင်အားစုများက စုပေါင်းပြီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားရောက် ရခိုင့်အင်အားစုများက စုပေါင်းကျင်းပရန် စီစဉ်ထားသော ကြိုတင်ပြုလုပ်ထားသော ဆရာတော် ဦးဥတ္တမအခမ်းအနား ဆိုင်းဘုတ်ကိုတွေ့ရစဉ်။ မလေးရှားရောက် ရခိုင့်အင်အားစုများက စုပေါင်းကျင်းပရန် စီစဉ်ထားသော ကြိုတင်ပြုလုပ်ထားသော ဆရာတော် ဦးဥတ္တမအခမ်းအနား ဆိုင်းဘုတ်ကိုတွေ့ရစဉ်။
ဆရာတော် ဦးဥတ္တမပျံလွန်တော်မူသည့်နေ့မှာ စက်တင်ဘာလ ၉ ရက်နေ့ဖြစ်သော်လည်း ၄င်းနေ့သည် အလုပ်အားလပ်ရပ်မဟုတ်သည့်အတွက် အလုပ်အားလပ်ရပ်ဖြစ်သည့် စက်တင်ဘာလ ၈ ရက်နေ့ကို ရွေးပြီး မလေးရှားရှိ ရခိုင်အသိုင်းအ၀ိုင်းနှင့် အခြားတိုင်းရင်းသား အသိုင်းအ၀ိုင်းများကို ဖိတ်ကြားကာ ကြိုတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော် အောက်မေ့ဖွယ်အခမ်းအနားအား ကျင်းပရသော ရည်ရွယ်ချက်ကို ရခိုင်လူမှုဒုက္ခသည်များ ကယ်ဆည်ရေးအသင်း(မလေးရှား)မှ ပြောရေးဆိုခွင်ရှိသူ ဦးစစ်အောင်က ယခုလိုပြောသည်။
" အဓိကတော့ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ဒီအနာဂတ်မျိုးဆက်သစ်တွေ၊ လူငယ်တွေက သိစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့လေ။ ဆရာတော်ဟာလည်း ဗုဒ္ဓသားတော်ဖြစ်တယ်။ ရခိုင်ပြည်သာမက မြန်မာနိုင်ငံ၊ ဒီအာရှာတစ်ခုလုံးကို ဗုဒ္ဓသားတော်အနေနဲ့ ကျော့သားရင်သားမခွဲခြားဘဲနဲ့ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ ကျရောက်နေခဲ့တဲ့ နိုင်ငံတိုင်းကို လွတ်မြောက်အောင် အမျိုးသားရေး မျိုးစေ့ကို ချပေးခဲ့တယ်။ ဒါကြောင့် ဆရာတော်နေ့ကို မမေ့မပျောက်ရအောင် ဆိုပြီးတော့ အောက်မေ့ဖွယ်အခမ်းအနား လုပ်ရတာဖြစ်ပါတယ်။ " ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ရခိုင်အင်အားစုများက စုပေါင်းကျင်းပခြင်းသည် ယခင်နှစ်ကတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနှစ်တစ်ကြိမ်ဆိုပါက နှစ်ကြိမ်မြောက်ဖြစ်ကြောင်း သူကဆိုသည်။
အလားတူ ဆရာတော် ပျံလွန်တော်မူသည့်နေ့ ၇၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ရှိ ရခိုင်အရေးကို ဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းကျင်းပရန် ရက္ခအလင်းတန်းအဖွဲ့မှ ကြီးမှူးပြီး ကော်မတီတစ်ရပ်ဖွဲ့ကာ စီစဉ်နေကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင်သတ်မှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)