Thursday, August 29, 2013

ရခိုင်နှစ်ပါတီပေါင်းပြီး ထူထောင်မည့်ပါတီ မှတ်ပုံတင်ရန် ရက်ရွှေ့ဆိုင်း

ရခိုင်တိုင်းရင်းသားများ၏ နိုင်ငံရေးပါတီနှစ်ခုကို ပေါင်းပြီး တစ်ပါတီတည်းအဖြစ် ထူထောင်မည့် “ရခိုင်အမျိုးသားပါတီ” ကို မူလက စက်တင်ဘာလဆန်းတွင် မှတ်ပုံတင်မည်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ မှတ်ပုံတင် မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ပါတီပေါင်းစည်းရေး လုပ်ငန်းကော်မတီဝင် ဦးခင်မောင်ကြီးက ပြောသည်။

ဇွန်လ တတိယပတ်အတွင်းက သက်ဆိုင်ရာပါတီများက ရခိုင်အမျိုးသားပါတီကို စက်တင်ဘာတွင် မှတ်ပုံတင်မည်ဟု ထုတ်ပြန်ထားခဲ့သော်လည်း သြဂုတ် ၂၅ ရက်တွင် နှစ်ပါတီခေါင်းဆောင်များ တွေ့ဆုံပြီးနောက် ထိုကိစ္စ ရက်ရွှေ့ရသည်ကို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

မည်သည့် အကြောင်းအရင်းကြောင့် ပါတီသစ် မှတ်ပုံတင်မည့်ကိစ္စ ရက်ရွှေ့ရသည်ကိုမူ တိကျသေချာစွာ ပါတီခေါင်းဆောင်များက မထုတ်ပြန်ခဲ့ပေ။

“ပြင်ဆင်ရေးကိစ္စရပ်တွေ အပါအ၀င် အကြောင်းကြောင်းကြောင့် ရက်ရွှေ့လိုက်ရတာပါ” ဟုသာ ဦးခင်မောင်ကြီးက ဆိုသည်။ သို့သော် လာမည့် စက်တင်ဘာ ၁၄ ရက်တွင် ပါတီခေါင်းဆောင်များ ပြန်လည်တွေ့ဆုံကြဦးမည်ဖြစ်ရာ ထိုနေ့ ဆွေးနွေးမှု ပြီးစီးလျှင် မှတ်ပုံတင်မည့်ရက်ကို အတိအကျ ပြန်လည် ပြောကြားနိုင်မည်ဟု သူက ဆက်ရှင်းပြခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတို့မှ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် သြဂုတ် ၂၅ ရက်က တွေ့ဆုံကြပြီး ပါတီသစ်၏ ဖွဲ့စည်းပုံရေးဆွဲရေးနှင့်ပါ တီဗဟို အလုပ်အမှု
ဆောင် ကော်မတီဝင် စာရင်းများ ပြုစုရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်ပါတီလုံးမှ ခေါင်းဆောင်များက ဆိုသည်။

“ALD က ပေးထားတဲ့ ဖွဲ့စည်းပုံကို RNDP က အချက်တချို့ ပြင်ဆင်မယ့်အကြောင်း တင်ပြတယ်။ ကျွန်တော်တို့ ကလည်း ပြင်ဖို့ သဘောတူတယ်။ ALD က ပါတီတည်ထောင်မယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င် ၁၅ ဦးစာရင်း ကို ပေးတယ်။ RNDP ရဲ့ ၁၅ ဦးစာရင်းကိုတော့ စက်တင်ဘာ ၁၄ ရက်မှ ပေးမယ်လို့ ပြောတယ်”ဟု ALD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်ဦးလှမြင့်က မဇ္ဈိမကို ပြောသည်။

နှစ်ပါတီကိုယ်စားလှယ်များ တွေ့ဆုံခဲ့သည့် သြဂုတ် ၂၅ ရက် ဆွေးနွေးပွဲ၏ ရလဒ်သည် ကောင်းမွန်သဖြင့် ရခိုင် အမျိုးသားပါတီ တည်ထောင်ရေးကိစ္စမှာမူ ဧကန်ဖြစ်လာလိမ့်မည်ဟု ဦးခင်မောင်ကြီးကလည်း ဆိုထားသည်။

RNDP သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော်၌ အမတ် ၃၅ နေရာနှင့်ပြည်ထောင်စုအဆင့် လွှတ်တော်၌ ၁၂ နေရာ အနိုင်ရရှိခဲ့သည်။ ALD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင် ပါတီဖြစ်ပြီး ထိုစဉ်က အမတ် ၁၁ နေရာ အနိုင်ရသဖြင့် တစ်နိုင်ငံလုံး၌ တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရ၏ တစ်ဖက်သတ် ဖျက်သိမ်းခြင်းကို ခံခဲ့ရဖူးသည်။၂၀၁၂ ခု နှစ် မေလတွင်မူ ALD ပါတီကိုပြန်လည် မှတ်ပုံတင်ခဲ့သည်။
(Source: Mizzima Burmese)

No comments: