Thursday, August 29, 2013

ဆီးဂိမ်းဂုဏ်ပြုမည့် အသက် ၈၆ နှစ်အရွယ် စက်ဘီးသမား စစ်တွေမှ နေပြည်တော်သို့ စက်ဘီးစီးမည်

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အကြို ဂုဏ်ပြုသည့် အနေဖြင့် အသက် ၈၆ နှစ်အရွယ် စက်ဘီးသမား ဦးပြူးသည် ရခိုင်ပြည်နယ် စစ်တွေမှ နေပြည်တော်သို့ တစ်ကိုယ်တော် စက်ဘီးစီးမည်ဖြစ်သည်ဟု ၎င်းက သြဂုတ်၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါခရီးစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး မိုင် ၅၀၀ ကျော်ခရီးကို အချိန် တစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဦးပြူးက ထပ်မံပြောသည်။

ဦးပြူးက “စစ်တွေကနေ စထွက်မယ့်နေ့က အောက်တိုဘာ ၂၄ ရက်ပါ။ နေပြည်တော်မှာ ဆီးဂိမ်းကျင်းပ နေစဉ် အတွင်း နေပြည်တော်မှာပဲ ရှိနေမှာပါ”ဟု ပြောသည်။

အဆိုပါခရီးစဉ်မှာ ဦးပြူး၏ ခုနစ်ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကြိုဆိုဂုဏ်ပြုခြင်း ဖြစ်သည့်အပြင် ပြည် သူလူထုတစ်ရပ်လုံး အားကစားပြိုင်ပွဲကြီးတွင် ပါဝင်လာစေရန် လှုံ့ဆော်သည့် ရည်ရွယ်ချက်ဖြစ်သည် ဟုလည်း ၎င်းက မဇ္ဈိမကိုပြောသည်။

ဦးပြူးသည် ရခိုင်ပြည်နယ် စစ်တွေမြို့ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်၏ အသင်းဝင်တစ်ဦးလည်းဖြစ်သည်။ စစ်တွေမြို့၏ ရာသက်ပန် ကြက်ခြေနီ အသင်းဝင်တစ်ဦးဖြစ်ပြီး ငယ်စဉ်က မာရသွန် အပြေးသမားတစ်ဦးလည်း ဖြစ်သည်။ အသက် ၆၀ အရွယ်တွင် စက်ဘီးစီးခြင်းကို စတင်လေ့ကျင့်ခဲ့ပြီး အသက် ၇၅ နှစ်တွင် တာဝေး စက်ဘီးစီးခြင်းကို စတင်ခဲ့သူဖြစ်သည်။

၎င်း၏ တာဝေးစက်ဘီးခရီးစဉ် လမ်းခရီးများတွင် မူလတန်းကျောင်းများနှင့် အလယ်တန်း၊ အထက်တန်းကျောင်း များတွင် အခါအားလျော်စွာစီးကရက်၊ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ရန် အသိပညာပေးပောာပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်လည်းအရက်နှင့် ဆေးလိပ်ရှောင်ကျဉ်သူ ဖြစ်သည်။

ဦးပြူးသည် ၎င်း၏ ခြောက်ကြိမ်မြောက် ဆီးဂိမ်း ဂုဏ်ပြုခရီးစဉ်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က စတင်ခဲ့သည်။

အဆိုပါခရီးစဉ်မှာ တိုင်းနှင့် ပြည်နယ် ၁၀ ခုသို့ မိုင် ၃၀၀၀ ကျော် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူ၊ မကွေး၊ စစ်ကိုင်း၊တောင်ကြီး၊ နေပြည်တော်၊ မော်လမြိင်၊ ပဲခူး၊ ရန်ကုန်နှင့် ပုသိမ်မြို့တို့သို့ ရောက်ရှိခဲ့ပြီး အချိန် သုံးလကျော် ကြာမြင့်ခဲ့သည်။
(Source: Mizzima Burmese)

No comments: