Sunday, August 18, 2013

သတ်ဖြတ်ရန် ငွေပေးပြီး ငှားရမ်းခဲ့သူ ဟုဆိုသူ (၃)ဦးအား ဖမ်းပြီးမှပြန်လွှတ်ပေး

အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်းကျေးရွာတွင် ဇူလိုင်လ ၂၀ရက်နေ့က အသတ်ခံရသော မူလတန်းကျောင်အုပ် ဆရာမ ဒေါ် မြင့်မြင့်ဇော် ကိုသတ်သောတရားခံ ၏ထွက်ဆိုချက်အရ ငွေပေးသတ်ခိုင်းသူဟု ဆိုသူများကို ရဲကဖမ်းဆီးပြီးနောက် ပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။

အသတ်ခံရသူ ဒေါ်မြင့်မြင့်ဇော်သည် အမ်းမြို့နယ်၊ ခမောင်းတောကျေးရွာ မဲလက်မောင်းအုပ်စုတွင် လက်ရှိ မူ/အုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပြီး မိသားစုများရှိရာ ဝေချောင်းကျေးရွာတွင် ၀ါဆိုလပြည့်နေ့ အလှူလုပ်ရန်လာရောက်စဉ် အသတ်ခံရခြင်းဖြစ်သည်။

သတ်ဖြတ်သူ တရားခံများကို ဖမ်းဆီးရမိပြီး ၄င်းတို့၏ထွက်ဆိုချက်အရ ဝေချောင်းကျေးရွာမှ ဦးကြည်ဝင်း၊ ဦးရဲမြင့်၊ ဦးမောင်ဦး (ခ) တင်ကိုကိုဦး တို့မှ လူသတ်ရန် ငွေ (၂)သိန်းပေး၍ငှားရမ်းခဲကြောင်း၊ ငွေပေး၍ သတ်ခိုင်းသူက ဒေါ်မြင့်မြင့်ဇော်၏ ခင်ပွန်းအားသတ်ခိုင်းသော်လည်း ခင်ပွန်းသည် ဖြစ်သူမရှိသဖြင့် ဇနီးဖြစ်သူ အားသတ်ဖြတ်ခဲ့ခြင်း ထွက်ဆိုကြသည်။

တရားခံ၏ ထွက်ဆိုချက် အရ လူသတ်ရန်ငှားရမ်းခိုင်းစေသူ သုံးဦးအား ဒုရဲအုပ်၊ ရဲသားနှစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးတို့က ဖမ်းဆီးကာ စခန်းမှုး ဦးသိန်းဆောင်ထံသို့အပ်နှံခဲ့ကြသည်။ ထို့နောက် စခန်းမှုးက အပြင်ဘက်တွင် သီးသန့် ဆယ်မိနစ်ခန့် တီးတိုး ပြောဆိုကြပြီး လူသတ်ရန်ငှားရမ်းစေခိုင်းသူ ဟုဆိုသူသုံးဦးအား ပြန်လွတ်ပေးလိုက်သည်ဟုသိရသည်။

ထိုသို့ လူသတ်တရားခံ၏ ထွက်ဆိုချက်အရ လူသတ်ခိုင်းသူ သုံးဦးအား စုံစမ်းမေးမြန်းခြင်း၊ တရားစွဲဆိုခြင်းမရှိဘဲ ပြန်လွတ်ပေးလိုက်သောကြောင့် ဒေသခံများ အနေဖြင့် မကျေမနပ်ဖြစ်လျှက်ရှိကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- Coral Arakan News)

No comments: