Friday, August 9, 2013

ကမ္ဘာ့တိုင်းရင်းသားလူမျိုးများ နိုင်ငံတကာနေ့


INTERNATIONAL DAY OF THE WORLD’S INDIGENOUS PEOPLES

လူသာမန်

အခုလို နိုင်ငံတကာနေ့မှာ တိုင်းရင်းသားလူမျိုးတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားဖို့အတွက် သူတို့ရဲ့မီဒီယာ အပါအဝင် ကြေငြာချက်ရဲ့ အပြည့်အဝ အကောင်အထည် ဖော်မှုတွေကို မြှင့်တင်ဖို့အထိ ကုလသမဂ္ဂရဲ့ အပြည့်အဝ ထောက်ပံ့မှု ရနိုင်ဖို့ ကျွန်တော် ကတိပြုပါတယ်။

- ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်)
- ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းသား လူမျိုးများ နိုင်ငံတကာနေ့ သဝဏ်လွှာမှ ကောက်နုတ်ဖော်ပြချက်။

ဒီနေ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၄၉/၂၁၄ အရ သြဂုတ်လ ၉ ရက်နေ့တိုင်း ကျင်းပရမယ်လို့ ပြဋ္ဌာန်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၉ ရက်နေ့ကို ရွေးချယ်ထားတာကတော့ ၁၉၈၂ ခုနှစ်က ဂျီနီဗာမြို့မှာ ကမ္ဘာ့တိုင်းရင်းသား လူမျိုးတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ကာကွယ်မှုနဲ့ မြှင့်တင်မှုအကြောင်းကို ပထမဦးဆုံး ညီလာခံအဖြစ် ကျင်းပခဲ့တဲ့နေ့ ဖြစ်လို့ပါ။

၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကို ‘ကမ္ဘာ့တိုင်းရင်းသား လူမျိုးများ၏ ပထမအကြိမ် နိုင်ငံတကာ ဆယ်စုနှစ်ကာလ’ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိကို ‘ကမ္ဘာ့တိုင်းရင်းသား လူမျိုးများ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ဆယ်စုနှစ်ကာလ’ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒုတိယဆယ်စုနှစ်ရဲ့ ဦးတည်ဆောင်ပုဒ်က ‘လှုပ်ရှားဆောင်ရွက်မှုနဲ့ ဂုဏ်သိက္ခာအတွက် ဆယ်စုနှစ်တစ်ခု’ (A Decade for Action and Dignity) ပါ။ ဒီ ဦးတည်ဆောင်ပုဒ်က ကမ္ဘာ့တိုင်းရင်းသား လူမျိုးတွေ စိန်ခေါ်ခံနေရတဲ့ ပုံသေစိတ်အစွဲ ပြဿနာတွေ၊ တိုင်းရင်းသား အမှတ်လက္ခဏာတွေကို ခိုင်မာတည်မြဲအောင် ကြိုးပမ်းစွမ်းဆောင်ရတာတွေ၊ ပြင်ပကမ္ဘာလောကကြီးနဲ့ ဆက်သွယ် ဆောင်ရွက်ရတာတွေ၊ လူမှုရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေရဲ့ လွှမ်းမိုးခံရတာတွေ စတဲ့ပြဿနာ အသီးသီးကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတာပါ။

၂၀၀၀ ပြည့်နှစ် ဧပြီလမှာ လူ့အခွင့်အရေး ကော်မရှင်က ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပြီး ကမ္ဘာ့တိုင်းရင်းသား ပြဿနာများဆိုင်ရာ ကုလသမဂ္ဂ အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ရဲ့ အတည်ပြု ထောက်ခံချက်အရ ကျင်းပခဲ့ပါတယ်။ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ တိုင်းရင်းသား ပြဿနာတွေနဲ့ ဆက်နွှယ်နေတဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး အကြောင်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့ရဲ့အထိမ်းအမှတ် အမှတ်အသားကို အကောင်းဆုံး ဖော်ပြနိုင်သူ အဖြစ် ရွေးချယ် ဂုဏ်ပြုခံခဲ့ရသူက ဘင်္ဂလားဒေ့ရှ် လူငယ်တစ်ယောက်ဖြစ်တဲ့ ရီဘန်ဒီဝမ်ပါ။ လိုဂိုရဲ့ ကမ္ဘာ့ပုံဘေးနှစ်ဖက်မှာ ကမ္ဘာကြီးရဲ့ နားရွက်နှစ်ဖက်အဖြစ် အစိမ်းရောက်သစ်ရွက်တွေနဲ့ ပုံဖော်ထားပါတယ်။ ကမ္ဘာမြေကို ထွေးပိုက်ထားတဲ့ ပုံသဏ္ဌာန် ပြုထားတာပါ။ ကမ္ဘာလုံးထဲမှာတော့ မတူညီတဲ့ လက်နှစ်ဖက် လက်ဆွဲနှုတ်ဆက်နေတာကို ပြထားပါတယ်။

လူသာမန်
(Source: The Voice Weekly)

No comments: