Wednesday, August 14, 2013

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ သုံးရက်ကြာ ဆွေးနွေးပွဲပြုလုပ်ပြီး ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးတွင် လိုအပ်မည့် ပါတီဖျက်သိမ်းရေး ကြိုတင်ပြင်ဆင်မည်

P-14-8
ရခိုင်နှစ်ပါတီမှ ခေါင်းဆောင်များကို နှစ်ပါတီပူးပေါင်းရေး လက်မှတ်ရေးထိုးအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်)

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် သုံးရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးတွင် လိုအပ်မည့် ပါတီဖျက်သိမ်းရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်နှစ်ပါတီ ပေါင်းစည်းရာတွင် ကော်မရှင် လုပ်ထုံးလုပ်နည်းများအရ ပါတီဖျက်သိမ်းခြင်း ပြုလုပ်ရမည့်အပေါ် ပါတီဝင်များနှင့် ဆွေးနွေးခြင်း၊ ငွေစာရင်း ရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ရွေးချယ်ထားသည့် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးထဲမှ အချို့မှာ ကျန်းမာရေး အခြေအနေအရ ပါဝင်ရန် မဖြစ်နိုင်တော့သည့်အတွက် ၎င်းတို့၏ နေရာများအတွက် ဗဟိုကော်မတီဝင်များထဲမှ အစားထိုး ရွေးချယ်ခြင်း၊ ဗဟိုကော်မတီဝင် အသစ်များ ရွေးချယ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း အရဆိုရင် နှစ်ပါတီပေါင်းရင် ပါတီသစ် အမည်နဲ့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင် ကျလာရင် လက်ရှိပါတီ နှစ်ခုစလုံးကို ဖျက်သိမ်းရမယ်။ ဖျက်သိမ်းမယ်ဆိုရင် နောက်ကြောင်းရှင်းရမယ်။ ငွေစာရင်းကအစ ကော်မရှင်ကို တင်ရမယ်ထင်တယ်။ အဲဒါတွေကို အစည်းအဝေးမှာ ကြိုတင်ပြင်ဆင်သွားမယ်။ သက်ဆိုင်ရာ မြို့နယ်တွေက ပါတီငွေစာရင်းတွေကိုလည်း အပြီးသတ်ရှင်းလင်းဖို့ ဗဟိုက အားလုံးညွှန်ကြားထားတယ်" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်ပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို "ရခိုင်အမျိုးသားပါတီ (Arakan National Party)" ဟူသော အမည်ဖြင့် ပူးပေါင်းသွားရန် ဇွန် ၁၇ ရက်က သဘောတူညီချက် ၁၁ ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်များအရ ပါတီတစ်ခုစီမှ ရွေးချယ်ထားသူ ၁၅ ဦးစီဖြင့် ယာယီဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားထားသော တရားဝင် ပူးပေါင်းနိုင်ရန် လိုအပ်သည့် အချက်အလက်များကို လာမည့် သြဂုတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: