Wednesday, August 14, 2013

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်အတွင်း ဆွေးနွေးရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်မှု မရှိသည့် ဥပဒေ ဖြစ်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အဖွဲ့အစည်းများ ရန်ကုန်၊ မန္တလေးမြို့များတွင် တစ်ပြိုင်နက် ဆွေးနွေး

Y-14-8
ရန်ကုန်မြို့တွင် သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သည့်အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်းအား ပြင်ဆင်ရေးဆွေးနွေးပွဲကို တွေ့ရစဉ်

ဇူလိုင် ၂၇ ရက် နေ့စွဲဖြင့် ပြည်သူများ ဝေဖန်အကြံပြုနိုင်ရန် ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအား အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရဘက်မှ ကူညီပံ့ပိုးပေးရန်နှင့် ကန့်သတ်ချုပ်ချယ်မှု ကင်းမဲ့သည့် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ဆွေးနွေးပွဲအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တစ်ပြိုင်နက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၅ ရက်တွင် ပြည်သူ့လွှတ်တော်ရှိ ကော်မတီ၊ ကော်မရှင်များမှ လွှတ်တော်အမတ်များ၊ ဥပဒေပညာရှင်များ၊ အမျိုးသားလွှတ်တော်မှ အမတ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး လက်ရှိကျင်းပနေသည့် အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး ကိုယ်စားပြုအဖြစ် ကိုယ်စားလှယ် ၄၀ ဦး ရွေးချယ်ကာ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။
"အခု ဒီဥပဒေ ထွက်လာတာက လူ့အခွင့်အရေး အရရော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော ဆန့်ကျင်တဲ့သဘော ဖြစ်နေတယ်။ ဒါတွေဟာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်တဲ့ အသွင်မဆောင်ဘဲနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ရှင်သန်မှုကို ကန့်သတ်ချုပ်ချယ်ပြီး ပျောက်ကွယ်သွားအောင် လုပ်နေတာဟာ မဖြစ်သင့်ဘူး။ အဓိကကတော့ ထွက်လာတဲ့ ဥပဒေဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် ပံ့ပိုးတာမျိုးပဲ ဖြစ်စေချင်တယ်" ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးထွန်းက ဆိုသည်။
အဆိုပါ ဥပဒေကြမ်းအား အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယခင်က ဆန့်ကျင်ဘက် အဖြစ်သာ မြင်ခဲ့သော အစိုးရအမြင်များ ပြောင်းလဲခြင်း သက်သေပြနိုင်ရန် ဥပဒေကြမ်းအား မလိုအပ်ဟုဆိုကာ ပယ်ဖျက်လိုသူအဖွဲ့၊ ဥပဒေကြမ်းပါ ချုပ်ချယ်ကန့်သတ်မှုများအား ပြင်ဆင်လိုသူ အဖွဲ့နှင့် ဥပဒေကြမ်း ပြင်ဆင်လိုသူအဖွဲ့ စသည့်အဖွဲ့သုံးဖွဲ့ဖြင့် ဥပဒေကြမ်း ကော်မတီ အပါအ၀င် ရေးရာကော်မတီ၊ ကော်မရှင်များအား ဆွေးနွေးတင်ပြမည် ဖြစ်သည်။
"အခု မန္တလေးဗြဟ္မစိုရ်မှာ အထက်မြန်မာပြည်က အရပ်ဘက် အဖွဲ့အစည်းတွေ ဆွေးနွေးနေတယ်။ ရန်ကုန်မှာလည်း အရပ်ဘက် အဖွဲ့အစည်း ၁၂၀ ကျော်နဲ့ အောက်မြန်မာပြည် ကိုယ်စားပြု ဆွေးနွေးနေတယ်" ဟု ဖန်တီးအိမ် အဖွဲ့အစည်းမှ ဦးရဲဝင့်လှိုင်က ဆိုသည်။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေသဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ် ထပ်မံရေးဆွဲပေးရန်နှင့် လက်ရှိတင်ပြထားသည့် ဥပဒေကြမ်းအား လွှတ်တော်လုပ်ထုံး လုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ လုပ်ငန်းစဉ်များအား ရပ်ဆိုင်းပေးရန် အရပ်ဘက် အဖွဲ့အစည်း ၅၀ ကျော်မှ တောင်းဆိုသည့် ထုတ်ပြန်ချက်ကို သြဂုတ် ၁ ရက်က ထုတ်ပြန်ထားသည်။
ယင်းအပြင် အဆိုပါ ဥပဒေကြမ်းအား အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောဆန္ဒ မပါဝင်ဘဲ အတည်ပြုမည် ဆိုပါက လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အာဆီယံလူထု ညီလာခံ ဦးဆောင်ကျင်းပရေး လုပ်ငန်းစဉ်များအပြင် နိုင်ငံတကာနှင့် ဆက်နွှယ်သည့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"နိုင်ငံတော် တည်ဆောက်ရေးနဲ့ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးပါ။ ဒီလို အရေးပါတဲ့ အဖွဲ့တွေက ဥပဒေ အတည်ပြုတာနဲ့ တရားမ၀င် အဖွဲ့အစည်း ဖြစ်သွားမယ်" ဟု အဆိုပါ ထုတ်ပြန်ချက်အား ဦးဆောင်ထုတ်ပြန်ခဲ့သည့် ဖွံ့ဖြိုးရေးမဏ္ဍိုင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းပါ အချက်များဖြစ်သည့် အခန်း ၃ ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၅ ပါ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အခန်း ၄ ပြည်တွင်း အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုခြင်း အခန်းပါ ပုဒ်မများ၊ အခန်း ၇ အသင်းအဖွဲ့များ၏ သက်တမ်းနှင့် သက်တမ်းတိုးမြှင့်ခြင်း အခန်းပါ ပုဒ်မများ၊ အခန်း ၈ ၏ တားမြစ်ချက်များပါ ပုဒ်မများနှင့် အခန်း ၉ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အခန်းများမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် အချက်များသာ ဖြစ်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: