Wednesday, August 14, 2013

ယခုဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးတွင် GSM နှင့် UMTS တစ်သန်း တိုးချဲ့တပ်ဆင်မည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် GSM နှင့် UMTS စနစ် တစ်သန်းတိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနပြည်ထောင်စု ဒုဝန်ကြီး ဦးဝင်းသန်းက သြဂုတ် ၁၂ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်တွင် ထည့်သွင်းဖြေကြားသည်။

ဒုဝန်ကြီးက မာန်အောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန် ကိုယ်စားမေးမြန်းသည့် “ရခိုင်ပြည်နယ်ရှိ မြို့များတွင် တာဝါတိုင်အသေးစားနှင့်အလတ်စားများကို သင့်တော်ရာ တောင်ပေါ်၊ တောင်ကုန်းများတွင် ထပ်မံ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းတွင် ထည့်သွင်းဖြေကြားခြင်း ဖြစ်သည်။

သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက် မြောက်နေ့တွင် ဆက်သွယ်ရေးနှင့်ပတ်သက်သည့် မေးခွန်းသုံးခု မေးမြန်းပြီး ဒုဝန်ကြီးက ဖြေကြားရာတွင် “ဆက်သွယ်ရေးအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တယ်လီဖုန်း သိပ်သည်းဆမြင့်မားလာစေရန် စီမံကိန်းချဆောင်ရွက်လျက်ရှိပါတယ်။ ဒေသတွေကိုလည်း ကွင်းဆင်းလေ့လာပြီးသက်ဆိုင်ရာပြည်နယ်အစိုးရတွေနဲ့အသေးစိတ်ညှိနှိုင်း ဆောင်ရွက်နေပါတယ်”ဟုလည်း ထည့်သွင်းဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဂျီအက်စ်အမ်ရေဒီယို စခန်းခြောက်ခု တပ်ဆင်ရန် လျာထားကာ မိုဘိုင်းရေဒီယို စခန်းများလည်း တိုးချဲ့ရန်စီစဉ် ဆောင်ရွက်နေပြီး ကျွမ်းကျင်ပညာရှင်များနှင့် မြေပြင်အခြေအနေကို တိုင်းတာကာ လိုအပ်သော တာဝါတိုင်များအား စိုက်ထူလျက်ရှိသည်ဟု ဒုဝန်ကြီးက ပြောကြားသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဂျီအက်စ်အမ်ရေဒီယိုစခန်း စုစုပေါင်း ၄၇ ခုတည် ဆောက်ထားရှိပြီး ရခိုင်ပြည်နယ်ရှိ တာဝါတိုင်အများစုမှာ ၄၂ မီတာတိုင်ရှည်များဖြစ်သည်ဟုလည်း ၀န်ကြီး၏ ဖြေကြားချက်အရ သိရှိရသည်။

မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို ယခင်က ၀န်ကြီးဌာနအနေဖြင့်သာ လုပ်ကိုင်ခဲ့ရာမှ ဇွန်လအတွင်းတွင် ပြည်ပပြင်ပ ဆက်သွယ်ရေးအော်ပရေတာနှစ်ခုကို မိုဘိုင်းဖုန်းလုပ်ငန်းများ ၀န်ဆောင်မှုပေးနိုင်ရန် ရွေးချယ်ခဲ့ပြီးဖြစ်သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: