Thursday, August 29, 2013

စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီအိမ်ထောင်စုတစ်ရာကျော် ဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်း

အမြင်မတူသည့် လူမျိုးစုနှစ်ခုကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် လအတော်ကြာ ခိုလှုံနေခဲ့ကြသော ဘင်္ဂါလီအိမ်ထောင်စု ၁၃၀ တို့ကို သြဂုတ်လ ၂၄ရက်တွင် သက္ကေပြင်ရွာအနီး ဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမသို့ ပြောသည်။

၂၀၁၂ခုနှစ်၊ ဇွန်လအတွင်းက ပဋိပက္ခအပြီးတွင် ဘင်္ဂါလီများ အဆိုပါရပ်ကွက်တွင် ၁၅ လတာ ဆက်လက်နေထိုင်လာခဲ့ကြရာမှယခုတွင်၎င်းတို့၏ဆန္ဒအရဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်းခြင်းဖြစ်သည်ဟု ဦးဝင်းမြိုင်က ဆိုသည်။

“သူတို့အနေနဲ့ ဒုက္ခသည်စခန်းကို ပြောင်းချင်တယ်လို့ တင်ပြထားတာ အတော်လေး ကြာပါပြီ။ ကျွန်တော်တို့က သူတို့နေဖို့အဆောက်အအုံတွေကို ဆောက်လုပ်နေရတာမို့ ကြန့်ကြာနေတာပါ။ အခုတော့ အားလုံး ပြီးစီးသွားလို့ပြောင်းကြတာပေါ့ဗျာ” ဟု မဇ္ဈိမ ကို ပြောသည်။

ယခုရွှေ့ပြောင်းမှုမှာ ကာယကံရှင်များ၏ ဆန္ဒအရသာဖြစ်၍ ဆက်လက်နေထိုင်လိုသည့် မိသားစုတချို့မှာ
အောင်မင်္ဂလာရပ်ကွက်၌ပင် ဆက်နေကြမည်ဖြစ်သဖြင့် ကျန်နေသူများအတွက် လိုအပ်သော လုံခြုံရေး အစီအမံများ ကိုလည်း ယခင်အတိုင်းပင် ဆက်လက်ထားရှိမည်ဟုလည်း ဦးဝင်းမြိုင်က ပြောကြားခဲ့သည်။

ရွှေ့ပြောင်းခြင်းမှာ တစ်စုံတစ်ရာဖိအားပေးခြင်းကြောင့်မဟုတ်ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂါလီ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရွှေဇံအောင်က မဇ်္ဈိမကို ပြောသည်။

“ဒီမှာနေရတာ သီးခြားကြီးလိုဖြစ်နေတာမို့ ပြည်နယ်အစိုးရနဲ့ညှိပြီး ပြောင်းကြတာပါ။ အစောပိုင်းကဆိုရင် အနီးအနား ရပ်ကွက်တွေ က အိုးမဲ့အိမ်မဲ့မိသားစုတွေ ဒီမှာအတော်များ ပါတယ်။ နောက်ပိုင်း ပြီးခဲ့တဲ့ မိုးတွင်းက ပြောင်းသွားကြ လို့ အိမ်ထောင်စု ၂၀၀ကျော် လောက်ပဲ ကျန်နေခဲ့ပါတယ်။ အဆောက်အအုံတွေ မပြီးသေးလို့သာ ကျွန်တော်တို့က မပြောင်းဖြစ်တာပါ။ အခုအမိုးအကာပြီးလို့ ပြောင်းတာ ဖြစ်ပါတယ်။ မသွားချင်သေးတဲ့ လူတွေလည်း ဒီမှာ ဆက်နေခဲ့ လို့ ရတယ်။” ဟု ပြောသည်။

ပြောင်းရွှေ့သည့်အိမ်ထောင်စု ၁၃၀ တွင် လူ ၅၀၀ ခန့် ပါဝင်ပြီး၊ အာဏာပိုင်တို့က ကားများဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြသလို၊ အိမ်ထောင်စု ၇၀ခန့်မှာ ထိုရပ်ကွက်တွင် ကျန်ရှိနေသေးသည်ဟုလည်း ဦးရွှေဇံအောင်က ပြောသည်။

လူပေါင်း ၁၄၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ဒေသ ပဋိပက္ခဖြစ်စဉ်များတွင် အိုးအိမ်မဲ့ဒုက္ခသည် စုစုပေါင်းတစ်သိန်းကျော်ရှိခဲ့သည့်အနက်ဘင်္ဂါလ်ီဒုက္ခသည်ဦးရေမှာရှစ်သောင်းကျော်ရှိကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန် ခဲ့သည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခသည်များကို မြို့၏ အနောက်ဘက် သဲချောင်း၊ သက္ကေပြင်၊ ဘောဒူဖ၊ မှန်ဇီစသည့် ဘင်္ဂါလီကျေးရွာများအနီးတွင် ပြည်နယ်အစိုးရက ဒုက်္ခသည် တန်းလျားများ ဆောက်လုပ်၍ ၎င်းတို့အား နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

No comments: