Sunday, August 18, 2013

ကျောက်ဖြူစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်မှာ ကျပ်သန်းကိုးသောင်းနှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် ကျပ်သိန်းပေါင်း တစ်သိန်းကျော်ဖြစ်ဟု ရခိုင်ပြည်နယ် ၀န်ကြီးပြောကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက် အနေဖြင့် ကျပ်သန်းကိုးသောင်းခန့်နှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် ကျပ်သိန်းပေါင်း တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံမှုများ ရှိလာနိုင်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သန်းတင့်၏ ပြောကြားချက်အရ သိရသည်။
"ရခိုင်ပြည်နယ်မှာ ကုလားတန်ကျွန်း Project တွင် အိန္ဒိယနိုင်ငံနှင့် ကုလားတန်ကျွန်း စီမံကိန်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ နောက်ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ စီးပွားရေး အလားအလာကောင်းများ ရရှိလာနိုင်တယ်" ဟု ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီးဦးအောင်သန်းတင့်က ပြောကြားခဲ့သည်။
ကျောက်ဖြူစီးပွားရေး အထူးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်အနေဖြင့် ကျပ်သန်းကိုးသောင်းခန့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်ပြီး အလုပ်သမားဦးရေ ခန့်မှန်းချက်မှာ လေးသောင်းခန့် ဖြစ်လာနိုင်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း စက်မှုဇုန် အနေနဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်မှာ ကျပ်သိန်းပေါင်း တစ်သိန်းကျော်ဖြစ်ပြီး လုပ်သားခန့်မှန်းမှုမှာ လုပ်သားအင်အားမှာ တစ်သောင်းကျော် ဖြစ်လာရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးဦးအောင်သန်းတင့်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပုဏ္ဍားကျွန်း စက်မှုဇုန်တို့ ပေါ်ထွန်းလာမည် ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာမည့်အပြင် တစ်ဦးချင်းဝင်ငွေများလည်း တိုးတက်လာနိုင်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: