Tuesday, August 13, 2013

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားကို ဆန္ဒပြ

Photo
ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရတွင် တာဝန်ရှိဟု မစ္စတာကင်တားနား ဆို

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနား
သည် သြဂုတ် ၁၂ ရက် နံနက်က ရခိုင်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များမှ ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆန္ဒပြခဲ့ကြပြီး ယခုကဲ့သို့ လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်မှုကို မစ္စတာကင်တာနားက ကောင်းသည့်အချက်ဟု ရှုမြင်သည်။

ရခိုင်တိုင်းရင်းသားများသည် အဆိုပါ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ကုလသမဂ္ဂကို အစီရင်ခံစာတင်ရာတွင် ဘင်္ဂါလီများဘက်မှဘက်လိုက်ရေးသားတင်ပြသည်ဟုယူဆသဖြင့်ထိုနေ့တစ်ရက်တည်းအတွင်းမှာပင် လေးကြိမ်တိုင် ဆန္ဒပြခဲ့ကြခြင်းဟု ဆိုသည်။

“သူ့အစီရင်ခံစာမှာ ဘင်္ဂါလီတွေသာလျှင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ တစ်ဖက်သတ် ရေးသားဖော်ပြပြီးတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ပုံရိပ်ကိုအကြမ်းဖက်သမားတွေဖြစ်အောင် ပုံဖော် ရေးသားထားတယ်” ဟု ရခိုင်အမျိုးသမီးကွန်ရက်၏ ခေါင်းဆောင် ဒေါ်ညိုအေးက ဆိုသည်။

ဆန္ဒပြပွဲများတွင် ရခိုင်တိုင်းရင်းသားများက မစ္စတာကင်တားနားကို ရည်ညွှန်းကာ “ဘင်္ဂါလီများကို သွေးထိုး
လှုံ့ဆော်သူ”၊ “ရခိုင်ဒေသ ပြဿနာကို ဆိုးရွားစေသူ”၊ “ဘင်္ဂါလီများအတွက် တစ်ဖက်သတ် ပွဲစား”၊ “လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူ” စသည့် စွပ်စွဲချက်များကို ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ ထုတ်ဖော်မှုကို မစ္စတာကင်တားနားက ကောင်းသည့်အချက်ဟု ရှုမြင်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ရခြင်းသည် လူ့အခွင့်အရေးအတွက် သွားရောက်ခြင်းဟုလည်း မစ္စတာကင်တားနားက ပြောဆိုခဲ့သည်ဟု ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

“အခု လွတ်လွတ်လပ်လပ် ဆန္ဒပြတာကိုတော့ အင်မတန်မှ ကောင်းတဲ့အချက်လို့ သူမြင်ပါတယ်။ ဒီတိုင်းပြည်မှာပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းအတွက် အဓိက တာဝန်ရှိတာကတော့ အစိုးရပဲလို့ သူပြောသွားပါတယ်။ ဒီကိုလာတာကလည်း လေးကြိမ်ရှိသွားပြီပေါ့ ရခိုင်ပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် သူလာတာပါလို့ ပြောပါတယ်။” ဟု ဦးအေးဝင်းက ပြောသည်။

မစ္စတာကင်တားနားသည် ဘူးသီးတောင်မြို့သို့မသွားမီ စစ်တွေ ဆိပ်ကမ်း၌ ဆန္ဒပြနေသူများနှင့် ၁၅ မိနစ်ခန့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

ထိုတွေ့ဆုံမှုတွင် “ဒီမိုကရေစီနည်းအရ လူတိုင်းမှာ ဆန္ဒပြခွင့်ရှိတာမို့ သူ့အပေါ် ကန့်ကွက် ဆန္ဒပြတာကို သူလက်ခံကြောင်း၊ သူ့အနေနဲ့ ကမ္ဘာပေါ်ရှိ လူအားလုံးအပေါ်မှာ လူသားတွေအဖြစ် အသိအမှတ်ပြုပြီးတော့၊ လူ့အခွင့်အရေးအရတန်းတူထားရမှာ ဖြစ်ကြောင်း၊ရခိုင်နဲ့ဘင်္ဂါလီခွဲခြားမှုမရှိဘဲ နှစ်ဖက် တွေ့ဆုံ မေးမြန်းပြီးမှ အစီအရင်ခံစာ ရေးသားအကြံပြုခဲ့တာဖြစ်ကြောင်း၊ အခု ဆန္ဒပြသူတွေရဲ့ အကြံပြုချက်တွေကိုလည်း အထူး အလေးအနက်ထားပြီးတော့ လက်ခံပါကြောင်း ပြောဆိုသွားခဲ့ပါတယ်”ဟု မစ္စတာကင်တားနားနှင့် တွေ့ခဲ့သူ
ဒေါ်ညိုအေးက ပြန်ပြောပြသည်။

ထိုသို့ဆန္ဒပြသူများနှင့် စစ်တွေတွင် တွေ့ဆုံညှိနှိုင်းအပြီး ရှပ်ပြေးသင်္ဘောဖြင့် ထွက်ခွာလာသော မစ္စတာ ကင်တားနားသည် ဘူးသီးတောင်မြို့သို့ရောက်သည်နှင့် လူအင်အားတစ်ရာခန့်က ထပ်မံဆန္ဒပြသည်နှင့် ကြုံခဲ့ရသည်။

မစ္စတာကင်တားနားသည် ဘူးသီးတောင်တွင် ထိုဆန္ဒပြပွဲအပါအ၀င် နှစ်ကြိမ်တိုင် ဆန္ဒပြခံခဲ့ရသည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၏ မြို့နယ်ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ပြောသည်။

“သင်္ဘောဆိပ်က တက်လာတဲ့အချိန်မှာ ဆိုင်းဘုတ်ကိုင်ထားတဲ့ ရာချီရှိတဲ့လူတွေက ကင်တားနား အလိုမရှိ၊ ကင်တားနား အလိုမရှိလို့ အော်ဟစ်ဆန္ဒပြကြတယ်”ဟု သူကဆိုသည်။ ထို့ပြင်“ဘူးသီးတောင်အကျဉ်း ထောင်ကို သူရောက်တော့ အဲဒီမှာလည်း လူတစ်ရာကျော်လောက်က ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြနေကြတယ်”ဟုလည်း သူက အခြေအနေကို ပြန်ပြောသည်။

ဆန္ဒပြသူများသည် မစ္စတာကင်တာနား ဘူးသီးတောင် ထောင်တွင်းသို့ ၀င်ရောက် လေ့လာနေချိန်တွင်ပင် မပြန်သေးဘဲ အပြင်မှစောင့်ကာ ဆန္ဒပြနေကြရာ တဖြည်းဖြည်း လူအင်အားတိုးလာပြီး လူသုံးရာခန့် အထိပင် ဖြစ်သွားခဲ့သည်ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ဘူးသီးတောင် ဆန္ဒပြပွဲကို ခေါင်းဆောင်သူတစ်ဦးက “တစ်ဖက်သတ် ရေးသားပြောဆိုချက်တွေကို ပြုလုပ်နေတဲ့ သူ့ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ဘူး”ဟု ဆိုသည်။

မစ္စတာကင်တားနားသည် ညနေ ၄ နာရီကျော်တွင် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

မစ္စတာကင်တားနားနှင့် အဖွဲ့သည် လက်ရှိတွင် စစ်တွေမြို့၌ ရောက်ရှိနေကာ သူတို့သည် ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်လူမှုအဖွဲ့များ၊ ရခိုင်ရပ်မိရပ်ဖများ၊ ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သြဂုတ် ၁၃ ရက် နံနက်တွင်မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးကော်မတီထံမှ သိရသည်။

မစ္စတာကင်တားနားသည် ယခု မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အာဏာပိုင်တွေအပါအ၀င် နောက်ကွယ်က လူ့အခွင့်အရေး ချိုးဖောက်သူတွေအပေါ် အရေးယူမှုတွေကို လေ့လာသွားမည့်အပြင် ဘင်္ဂါလီများ ကြာရှည်စွာ ခံစားနေရသော ခွဲခြားဆက်ဆံခံရမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားပုံကိုလည်း လေ့လာသွားမည်ဟု ခရီးစဉ် မစတင်မီ ကုလ၏ တရားဝင်ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မစ္စတာကင်တားနား ရခိုင်သို့မလာမီ နှစ်ရက်အလို သြဂုတ်၉ရက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီများအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး၊ ဘင်္ဂါလီတစ်ဦးသေဆုံး၍ ရဲဝန်ထမ်းနှစ်ဦးနှင့် ဘင်္ဂါလီခြောက်ဦးတို့ ဒဏ်ရာရရှိကာ၊ ရဲကင်းတစ်ခုနှင့် လုံခြုံရေးဝန်ထမ်းများ၏ တဲအိမ်လေးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

မစ္စတာကင်တားနားသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင်လည်း ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့ဖူးသည်။ ၎င်းသည် ပြီးခဲ့သည့် မတ်လကလည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ ကုလ လူ့အခွင့်အရေးကောင်စီထံသို့ အစီရင်ခံစာ တင်သွင်းခဲ့ဖူးသည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ချက်အရ မင်းပြား၊ မြေပုံ၊ ပေါက်တော၊မြောက်ဦး၊ ကျောက်တော်နှင့် စစ်တွေတို့တွင် ဒုက္ခသည်စခန်းပေါင်း ၇၆ ခု ဖွင့်လှစ်ထားရပြီး ဒုက္ခသည်ပေါင်း ၃၆၀၀၀ ခန့် ခိုလှုံနေရသည်ဟု ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်-မဇ္ဈိမ)

No comments: