Tuesday, August 13, 2013

နေပူတောင်စီမံကိန်းတွင် ဒေသဖွံ့ ဖြိုးရေးအလေးပေးမည်ဟု ပြည်နယ်ဝန်ကြီး ကတိပြု

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ နေပူတောင်တွင် ပြည်ထောင်စုအစိုးရနှင့် ဗီယက်နမ်ပိုင် ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းရာ အလှဆင်မာဘယ်ကျောက်ထုတ်သည့် စီမံကိန်းဆောင်ရွက်လျှက်ရှိရာ ထိုစီမံကိန်းသည်ဒေသဖွံ့ဖြိုးရေးကိုလည်း အလေးပေးလုပ်ဆောင်မည်ဟု ပြည်နယ်သတ္ထုတွင်းဝန်ကြီး ဦးအောင်သန်းတင် ကပြောသည်။

နေပူတောင်မှထွက်ရှိသည့် စကျင်ကျောက်အမျိုးအစားတစ်ခုဖြစ်သော မာဘယ်ကျောက်များကို မြန်မာအစိုးရနှင့် ဗီယက်နမ်ပိုင် Simco Song Da Joint Stock ကုမ္ပဏီတို့ အကျိုးတူထုတ်လုပ်ရောင်းချရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ် ၁၆ ရက်က စာချုပ်ချုပ်ဆိုခဲ့သည်။

သို့သော် ထိုစီမံကိန်းလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုနည်းပါးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်မှုမ ရှိခြင်းတို့ အပေါ် ဒေသခံများက ဝေဖန်မှုများရှိနေရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးက ယခုလိုကတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုသတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဗီယက်နမ်ကုမ္ပဏီတို့ရဲ့ သဘောတူညီချက်အရ စီမံကိန်းဒေသမှာရှိတဲ့ဒေသခံတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေ လျော့ကျရေးကို ထောက်ပံ့ပေးမယ်။ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမယ်။ ဒေသတွင်းကျန်းမာရေးပညာ ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်မယ်။ ဆေးပေးခန်း၊ စာသင်ကျောင်းတွေ တိုးချဲ့ပြုပြင်ပေးမယ်။ ဒါတွေဟာ လုပ်ငန်းလည်ပတ်ချိန်မှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးအောင်သန်းတင်ကဆိုသည်။

အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံရမည့် ထိုနေပူတောင်စီမံကိန်းမှ ရရှိလာမည့်အကျိုးအမြတ်ကိုပြည်ထောင်စုအစိုးရနှင့် ဗီယက်နမ်ကုမ္ပဏီတို့ထက်ဝက်စီခွဲဝေယူကြမည်ဖြစ်ပြီး ဗီယက်နမ်ကုမ္ပဏီက ၎င်းတို့ရသည့် အမြတ်၏ ၁၅ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် သဘောတူထားသည်ဟုလည်း သူကဆက် ရှင်းပြ သည်။

နေပူတောင်စီမံကိန်းတွင် ခန့်ထားမည့် ၀န်ထမ်းများအနက် ၂၄၀ ဦးကို ပြည်တွင်းမှ ဒေသခံလုပ်သားများကို ခန့်မည်ဖြစ်ပြီး ၅၆ ဦးကိုသာ နိုင်ငံခြားမှလုပ်သားများ ခန့်မည်ဟုလည်း ၀န်ကြီးဦးသန်းတင်ကဆိုသည်။

နေပူတောင်မှ ကျောက်ထုတ်လုပ်မည့် စီမံကိန်းကာလကို ၂၅ နှစ်လျာထားကာ၊ တစ်နှစ်လျှင်မက်ထရစ်တန်ချိန် ၇၈၀၀ ကျော်ကို ယခု ၂၀၁၃ ခုနှစ်မှ နောင်နှစ်ပေါင်း ၂၀ ကြသည်အထိ ထုတ်ယူရန်လျာထား ခဲ့သည်။

သို့သော် တည်ဆောက်ရေးလုပ်ငန်းများမပြီးသဖြင့် မူလသတ်မှတ်ထားသည့် ယခုနှစ်အတွင်း ကျောက်ထုတ်လုပ် ရန်မှ မဖြစ်နိုင်တော့ဘဲ လာမည့် ၂၀၁၄ ခုနှစ်ရောက်မှသာ စတင်ထုတ်လုပ်နိုင်တော့မည်ဟု ၀န်ကြီး ဦးအောင်သန်းတင်က ခန့်မှန်းသည်။

နေပူတောင်စီမံကိန်းကို သွားရောက်လေ့လာခဲ့သည့် ရခိုင်လူမူကွန်ရက်မှ ဦးစိုးဝင်းက ဒေသခံများသည် အလုပ်အကိုင် အခွင့်အလမ်း အများအပြားပေါ်ထွန်းလာစေရန် မာဘယ်ကျောက်ကုန်ချောကို ၎င်းတို့ဒေသတွင်ပင် ထုတ်လုပ်ရန် လိုလားနေကြကြောင်းပြောသည်။

ဝန်ကြီးဦးအောင်သန်းတင်ကမူ စီမံကိန်းသဘောတူညီချက်အရ နေပူတောင်တွင် ကုန်ကြမ်းအဆင့်သာ ထုတ်လုပ် မည်ဟု ဆိုပြီး မည်သည့်ဒေသ၌ ကုန်ချောထုတ်မည်ကို ထည့်သွင်းပြောကြားခြင်းမရှိပေ။

မတ်လ တတိယပတ်ကပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ပွင့်လင်းမှုမရှိ၊ ဒေသခံတို့၏ ဆန္ဒမပါသဖြင့်ထိုနေပူတောင်စီမံကိန်းကိုရပ်နားရန် ပြည်နယ်အမတ်ဦးအောင်မြကျော်က ဝေဖန်ပြောဆိုခဲ့သည်။

ထိုအရေးနှင့်ပတ်သက်၍ ဒေသခံများ၏ မကျေနပ်မှုများအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး
ဒေါက်တာအောင်ကျော်မင်းနှင့် သတ္ထုတွင်းဝန်ကြီးဦးအောင်သန်းတင်တို့က မတ် ၂၆ ရက်တွင် ဒေသ ခံများနှင့်တွေ့ရာ ရှင်းလင်းပွဲ လုပ်ခဲ့ရသေးသည်။

တောင်ကုတ်မြို့မှ ၂၉ မိုင်အကွာ ရခိုင်ရိုးမပေါ်၌တည်ရှိပြီး မြေပြင်မှပေသုံးရာခန့်မြင့်မား၍ လုံးပတ် ငါးမိုင်ခန့်ရှိသည့် နေပူတောင်သည် အရောင်မျိုးစုံပါဝင်သည့် မာဘယ်ကျောက်များဖြင့် ဖွဲ့စည်းထားပြီး ဘူမိသက်တမ်းနှစ် ၇၅ သန်းကျော်ရှိပြီ ဖြစ်သည်။

တောင်၏ ကျောက်ထုတ်လုပ်မှုဧရိယာမှာ ၂ ဒသမ ၄ စတုရန်းကီလိုမီတာခန့်ရှိပြီး အလှဆင်ကျောက်တန် ၈၇ သန်း ခန့် ထွက်မည်ဟု ဘူမိပညာရှင်များက ခန့်မှန်းထားကြသည်ဟု သိရသည်။
(Source: Mizzima Burmese)

No comments: