Tuesday, August 13, 2013

၁၃ သြဂတ်စ်နှင့် ပတ်သတ်၍ ရခိုင်သံဃာ့သမဂ္ဂ (RSU)မှ သဘောထား ကြေငြာချက်ထုတ်ပြန်

RSU လိုဂိုတံဆိပ်။ RSU လိုဂိုတံဆိပ်။
စစ်တွေဆန်ပြဿနာနှင့် ပတ်သတ်၍ ရခိုင်သံဃာ့သမဂ္ဂ (RSU) ၏ သဘောထား ထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်- ၂/ ၂၀၁၃
နေ့စွဲ- ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်။
၂၀၁၃ ခု၊ သြဂုတ်လ (၁၃) ရက်နေ့သည် ရခိုင်ပြည်နယ် စစ်တွေဆန်ပြဿနာ(၄၆) နှစ်ပြည့်နေ့ဖြစ်သည်။ မြန်မာနိုင်ငံသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့ ရောက်ခဲ့ရသည်။ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များ အသီးသီးတွင် ရခိုင်ပြည်နယ်သည်လည်း ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သယံဇာတပေါ့ကြွယ်ဝသော ရခိုင်ပြည် နယ်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ၆၀% ရာခိုင်နှုန်းကျော်ရရှိသော ပြည်နယ်တစ်ခုဖြစ်သော်လည်း ရခိုင်ပြည်နယ်၌ စက်ရုံ အလုပ် ရုံမရှိ၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်တို့မှာ အဖက်ဖက်မှ နိမ့်ကျလျှက်ရှိသည်။
မြန်မာပြည်၌ ဗမာလူမျိုးများ အကျိုးအမြတ်အများဆုံး ခံစားနေရသော သယံဇာတပစ္စည်းများမှာ ပြည်နယ်များမှ အဓိကထွက်ရှိသော ပစ္စည်းများသာဖြစ်သော်လည်း ကားလမ်း၊ ရထားလမ်း၊ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အဦးများ၊ ဆယ်မြောင်းတာတမံများ စသည်တို့မှာ မြန်မာပြည်မဆိုသောဒေသ နေရာအနှံ့အပြား၌ ပြည့်စုံလျှက်ရှိနေသည်။ ထိုအရာများသည် ပြည်နယ်များ၌ တစုံတခုမျှ မရှိသလောက် ဖြစ်နေသည်။ ရခိုင်ပြည်နယ်သည် မိုးရေချိန်လက္မ (၃၀၀) ရာကျော် ရွာသွန်းသော်လည်း ရခိုင်ပြည်နယ်၌ သောက်ရေ၊ သုံးရေမရှိ၊ လျှစ်စစ် မီးမရှိပဲ ဖြစ်နေသည်။
ရခိုင်ပြည်သူများသည် ကိုယ့်ဒေသမှ ထွက်ရှိသော သယံဇာတပစ္စည်းများကို မြင်သာမြင်ရ မသုံးရ၊ မြင်သာမြင်ရ မစားရပဲ ပြိတ္တာဘဝနှင့် တူနေကြရသည့်အပြင် တချိန်က အာရှစပါးကျီဟု တင်စားခေါ်ခံခဲ့ရသော ရခိုင်ပြည်နယ်သည် (၁၉၆၇) ခုနှစ်တွင် ရခိုင်ပြည်သူများ ထမင်း ငတ်ကြရ၍ အစိုးရထံမှ ဆန်တောင်းလာသောအခါ ဆန်အစားကျည်ဆံကို ရက်စက်စွာပေးခဲ့သောကြောင့် စစ်တွေမြို့လမ်းမထက်၌ ရခိုင် ပြည်သူများ (၃၀၀) ကျော် အစုလိုက်အပုံလိုက် အသက်ပျောက်ခဲ့ရပြီး ရခိုင်ပြည်၌ ဤကဲသို့ ကပ်ဘေးကြီးများနှင့် ကြုံတွေ့ခဲ့ကြရသည်။
ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ် ကရင်တစ်ကျပ် ဆိုသောစကားလုံးနှင့် မညီသည့်အပြင် မြန်မာနိုင်ငံ၏ အစဉ်အလာအရ မဟာ ဗမာ ကြီးပွါးထွန်းကားရေးနှင့် မဟာဗမာအသာစီး ရရှိရေးမူဝါဒကို ဆုပ်ကိုင်လျှက် ပြည်နယ်များ၏ စီးပွါးရေးနှင့် နိုင်ငံရေးတို့ကို မဟာမဗာ တို့မှ အဓမ္မကျွန်ပြုထားကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးမှစ၍ အစိုးရအဆက်ဆက် ကျင့်သုံးလာသော နည်းလမ်း ဟောင်း ဥပဒေများကြောင့် စစ်ဗိုလ်တစုနှင့် အပေါင်းပါများသာ ကျိကျိတက်ချမ်းသာနေကြသော်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မှာ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့နှင့် ယနေ့ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံ တိုင်းရင်းသားအရေး တန်းတူရေးတို့ကို ဥက္ခာပြုပြီး (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆုပ်ကိုင်ထားသော ဦးသိန်းစိန်အစိုးရ၏ ချိန်မြိန်သော ပြုပြင်ပြောင်းလဲရေးသည် တိုင်းရင်းသားများအပေါ် နားလှည့်ပါးရိုက်နေခြင်းသာ ဖြစ်သည်။
စည်းရုံးရေးနှင့် ပြန်ကြားရေးကော်မတီ
ရခိုင်သံဃာ့သမဂ္ဂ (RSU)
ထိုင်း မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ။
Mobile (+66) 0875577069/ 0836574304, Email: rsu.union219@gmail.com
(သတင်းအရင်းအမြစ်- Arakantimes)

No comments: