Tuesday, August 13, 2013

ရက္ခိတမြန်မာ ပဏ္ဍိတ်-ဆရာကြီး ဦးဦးသာထွန်း၏ အတ္ထုပတ္တိအကျဉ်း

Photo: ရက္ခိတမြန်မာ ပဏ္ဍိတ်-ဆရာကြီး ဦးဦးသာထွန်း၏ အတ္ထုပတ္တိအကျဉ်း
-----------------------------------------------(အတ္တုပတ်တိ)
(၁၄.၈.၂၀၁၃ ရက်နေ့ ကျရောက်သော ဆရာကြီးကွယ်လွန်ခြင်း ၂၃နှစ်မြောက် အထိမ်းအမှတ်ဖော်ပြပေးလိုက်သည်)

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေး ရပ်ကွက်နေ (အဘ) ဦးကောင်းစံရွှီ (အမိ) ဒေါ်အောင်ကြွစံ တို့မှ ၁၉၁၇ ခု နိုဝင်ဘာလ (၂၃)ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့သည့် တဦးတည်းသော သားဖြစ်သည်။
ရက္ခိုင်ပြည်၏ ပညာရှိသူခမိန် မဟာပညာကျော်မျိုးရိုးမှ မွေးဖွားလာခဲ့သူ တဦးဖြစ်သည်။ ငယ်ရွယ်စဉ်မှာအဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင် (ရခိုင်မဟာရာဇဝင်တော်ကြီးကျမ်း ကိုပြုစုရေးသားသူ) က ရခိုင်ရာဇဝင် ဆေးကျမ်း နက္ခတ်ကျမ်း ပူရာဏ်ကျမ်း စသည်တို့ကို နှုတ်တိုက်အာဂုံ သင်ကြားပေးခဲ့သည်။ နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ကျောင်းမှနှုတ်ထွက်လိုက်ရပြီးနောက် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့ထံ၌ သက္ကဋ သမိုင်း အင်း ဗေဒင် နှင့် အခြားလောကီပညာရပ်များကို လေ့လာဆည်းပူးသင်ယူခဲ့သည်။ အထူးသဖြင့် ရက္ခိုင်သမိုင်းပညာရပ်ကို အဘိုးဖြစ်သူ ဦးသာထွန်းအောင်နှင့် ဦးစံရွှေဘု တို့ထံတွင်လည်းကောင်း သက္ကတဘာသာကို ခြိတ်တောင် ဆရာတော် ဦးကိတ္တိထံတော်လည်းကောင်း ပါဠိ နှင့် ပိဋိကတ်တော်များကို ညောင်ပင်ဈေးဆရာတော် ဦးဥတ္တသိရိ နှင့် ဆရာစံ(ခေါ်)ဦးစံသာထွန်းတို့ထံ တွင်လည်းကောင်း အင်းပညာကို လေးမျက်နှာ ဆရာတော် ဦးနန္ဒိယ တို့ ထံတွင်လည်းကောင်း သင်ယူခဲ့ပါသည်။
၁၉၅၀ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ အစိုးရမူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနခွဲတွင် ရခိုင်မြန်မာ ပဏ္ဍိတ်အဖြစ် တာဝမ်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကြီးမှာ ဆရာကြီးကိုယ်တိုင် ရှာဖွေစုဆောင်း တည်ဆောက်ပေးခဲ့သော ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်ဆထိတူးဖေါ်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်း လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖေါ်ဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့ဘုရားသမိုင်း ဦးရာဇ်တောင်ဘုရားကြီးသမိုင်း မြောက်ဦးမြို့ဘုရားသမိုင်း ပြင်ဆင်ဖြည့်စွက်ချက် ရခိုင်အမျိုးသမီး သူရဲကောင်းအတ္တုပတ္တိ ရက္ခိုင် ရာဇဝင် သင်္ခေပကျမ်း ဝသဲဘုရားသမိုင်း ရှင်သတ်ဘုရားသမိုင်း ခေတ်မီအင်္ဂလိပ်မြန်မာနှစ်(၃၀၀) ပြက္ခဒိန် (၁၁၀၀) မှ (၁၄၀၀) တို့ကို ရေးသားပြုစု ပုံနှိပ်ထုတ်ဝေခဲ့သည်။
ရက္ခိုင်ကဗျာပေါင်းချုပ် ရက္ခိုင်ရာဇဝင် ဘာသာပြန် ရက္ခိုင်ဒင်္ဂါးများဘာသာပြန် ရက္ခိုင်ပြည် ဓါတ်တော်စဉ် ဘုရားပုထိုးစေတီများ မြောက်ဦးမြို့တန်ခိုးကြီးဘုရားများ သမိုင်းကျမ်း မဟာဝိဟိံကရက္ခာပူရ ရာဇဝင်သလင်္ကာမူဟောင်းကျမ်း သိုက်သမိုင်းအစောင်စောင် ရာဇဝင် ကဗျာ လင်္ကာဟောင်းများ ဧချင်းများ ရက္ခိုင်ရာဇဝင်ဟောင်းများ စသည်တို့ကို ရှာဖွေစုဆောင်း ကူးယူရေးသားပြီး ၁၃၀၉ ခုနှစ် ပထမ တန်ခူးလပြည့်နေ့မှစ၍ ဘဏ္ဍာရေး ဝန်ကြီး ဦးထွန်းအောင်ကျော် ထံသို့ ပေးအပ်ခဲ့သည်။
ရက္ခိုင်ရာဇဝင်တော်ကြီးကျမ်း အံတော်သိမ်ဘုရားကျမ်း ထီးတော်မိုး ဘုရားသမိုင်း ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း ဝေသာလီဘုရားသမိုင်း မဟာထီးဘုရားသမိုင်း ပါးတော်ဘုရားသမိုင်း ဘုရားပေါ်ဘုရားသမိုင်း အစရှိသည့် ရက္ခိုင်ပြည်အတွင်းရှိ ဘုရားသမိုင်းများကို ရတု လင်္ကာ စကားပြေ မော်ကွန်းများဖြင့် သီကုံးရေးသားထုတ်ဝေခဲ့သည်။
သျှစ်သောင်းဘုရား ထီးတော်တင် သံချပ်ကြီးအပါအဝင် သင်္ကြန်သံချပ် ခွန်းထောက် ရတု ဒုံးယိမ်း သီချင်း ဗုဒ္ဓပူဇနိယ ဆီမီးခွက် အကနှင့် ရက္ခိုင်ရိုးရာဧအံရတုကဗျာ လင်္ကာစသည်တို့ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။
ဓညဝတီမဂ္ဂဇင်းကို စာတည်းနှင့်အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ ဓညဝတီစာစောင် ဓညဝတီမဂ္ဂဇင်း ရခိုင်တန်းဆောင်းမဂ္ဂဇင်း မန္တလေးပြည်သူ့ဂျာနယ် ရန်ကုန်မဂ္ဂဇင်း စုံထောက်မဂ္ဂဇင်း ယဉ်ကျေးမှုစာစောင် ရခိုင်မဂ္ဂဇင်း စစ်တွေကောလိပ်မဂ္ဂဇင်း ရခိုင်ပြည်နယ်စာစောင် ဝရာဇ်မြေမဂ္ဂဇင်း သာဟာယမဂ္ဂဇင်း မြောက်ဦးမဂ္ဂဇင်း မောင်တောမဂ္ဂဇင်းစသည်တို့တွင် ဦးဦးသာထွန်း ဦးသူရိယ အမည်များဖြင့် ဆောင်းပါးများရေးသားခဲ့သည်။
ရက္ခိုင်မင်္ဂလာစည်တော် ပြုလုပ်ပုံ တီးလုံးတီကွက်နှင့်ကကွက်များ ရက္ခိုင်အိုးစည်ပြုလုပ်ပုံ တီကွက်နှင့် ကကွက်များ ရက္ခိုင်ပလွေ(ပြွီ) ပြုလုပ်ပုံ တီးလုံးတီးကွက်နှင့် ကကွက်များ ရက္ခိုင်ထိမ်းမြား မင်္ဂလာပန်းတျားပြုလုပ်ပုံ တီးကွက်နှင့် ကကွက်များ ကောက်ဦးဆွမ်းတင်ကကွက်နှင့် တီးလုံးတီးကွက်များ ပိုးဝါမင်းသမီး ကကွက်ကနွယ်နှင့် သံစဉ်များ ခွက်ခွင်း ခရုသင်း ခရာမြွိာ ပြုလုပ်ပုံနှင့်ဂီတသံစဉ်များ စသည်တို့ကို ပြန်လည်ဖေါ်ထုတ်ပေး ခဲ့ပါသည်။
ရက္ခိုင်ဘုရားပုထိုးတော်များ တည်ဆောက်ပုံ သတ္တုရူပကျမ်းလာ နည်းစနစ်များ ဘုရားဆင်းတုတော် ပုံပန်းသဏ္ဍာန်-ပဋိမုဒြာများ၏ ဖွင့်ဆိုချက်များ ရက္ခိုင်ဆင်ယင်ထုံးဖွဲ့မှု ကျမ်း(မူကြမ်း) ရက္ခိုင်ရာဇဝင် (မူကြမ်း) ရက္ခိုင်အက္ခရာဆင်းသက်လာပုံကျမ်း (မူကြမ်း) ရက္ခိုင်ကျောက်စာပေါင်းချုပ် ကျမ်း(မူကြမ်း) ရက္ခိုင်ပြည် ဘုရားသမိုင်းကျမ်း(မူကြမ်း) ရက္ခိုင်းမင်းသမီးဧချင်းရှင်းလင်းချက်(မူကြမ်း) ရခိုင်ဗျာလ် စာတမ်း(မူကြမ်း) ကျောက်တော်မြို့သေလာဂိရိမောရပဗ္ပတတောင်ခြေရင်းမှတွေ့ရှိသော ကျောက်ဆံ၏လက်ရာများ သုတေသနပြုချက်(မူကြမ်း) စသည်တို့ကို ရေးသားပြုစုခဲ့သည်။
သြစတေးလျနိုင်ငံ အမျိုးသား တက္ကသိုလ်ုတေသန Pamela Gutman Acient Arakan ကျမ်း ပြုစုရာတွင်လည်းကောင်း ပြင်သစ်နိုင်ငံပါရီမြို့မှ ပါမောက္ခ ရာဖတ်ဆာဗာရ်( Berat ) အား ရခိုင်ပုံပြင်လိပ်ကမ္ဘာမဝတ္ထုနှင့် ကျီးဖြူရွာဟစာတမ်းတို့ကိုလည်းကောင်း အင်္ဂလန်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်အိုကဲလ်အားစေတီအဆောက် အုံနှင့် နန်းတော်အဆောက်ဦး ဆိုင်ရာစာတမ်းအားလည်းကောင်း အမေရိကန်နိုင်ငံ အာရှဖောင်ဒေးချန်း အတွင်းရေးမှုး ဒေးဗစ်စတိမ်းဗားစ်အား ဝေသာလီကျောက်ဆင်းတုတို့၏ နှစ်ပေါင်းကြာညောင်းမှုသက်တမ်း အတိုင်းအတာစာတမ်းကို ဆရာကြီး၏ ရှေးဟောင်းအိုးခြမ်းကွဲတခုနှင့် ရှေးဟောင်းရုပ်တုငယ် တခုတို့ကို နှစ်သက်တမ်း အတိုင်းအတာ ခန့်မှန်းဖြေဆိုမှုမှာ ခေတ်မီသိပ္ပံနည်း စနစ်များဖြင့် တိုင်းတာမှုနှင့် တထပ်တည်းကျနေမ၍ ဆရာကြီးအား ဤနည်းပညာကို မည်သည့် တက္ကသိုလ်မှ သင်ကြားခဲ့သနည်း ဟုပင်မေးမြန်းခံခဲ့ရပြီး အာရှဖောင်ဒေးရှင်းမှ ဆရာကြီးအား ကမ္ဘာ့စွယ်စုံကျမ်းများ ကမ္ဘာသမိုင်း အိန္ဒိယသမိုင်းနှင့် အခြားစာအုပ်စာတမ်းများစွာတို့ကို လှူဒါန်းပေးခဲ့ဖူးပါသည်။
ဂျပန်နိုင်ငံ ပါမောက္ခအိုနိုတိုရူ နှင့် ရခိုင်စကားပြော လေယူလေသိမ်း အသံထွက်ပုံစာတမ်းနှင့် ဘောင်းဒွတ် အရပ်ရှိ ဒခ်ျကောင်ဆတ်လာ အဆောက်အုံပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ကြပုံ စာတမ်းပြုစုရာတွင်လည်းကောင်း ရေးသားပြုစုကူညီခဲ့သည်။
နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာန နှင့် အခြားပုဂ္ဂိုလ်များ ကျမ်းပြုစုရာတွင်လည်းကောင်း ဦးမင်းနိုင်၏ပြည်ထောင်စုပဒေသာ စာအုပ် ၁၉၆၅ ရခိုင်တိုင်းရင်းသား လူမျိုးများဖြစ်စဉ်နှင့် ဓလေ့ထုံးစံများစာအုပ် ဦးလှထွန်းဖြူ၏ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း မြန်မာဝေါဟာရ အဘိဓါန်ကျမ်းနှင့် ရခိုင်ဝေါဟာရအဘိဓါန်ကျမ်း ပြုစုရာတို့တွင်လည်းကောင်း ဝေါဟာရစာလုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ကျမ်းကိုးကားချက်များကိုလည်းပြုစု ပေးခဲ့သည်။ ၁၉၇၆-၇၇ ခုနှစ် ရခိုင်ရိုးရာ ကျား/မ ဝတ်စုံစာတမ်း ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။
အထက်တန်းပညာဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ပါမောက္ခ ဦးစံသာအောင်အားလည်း ၁၉၇၂ ခု အဘိဓမ္မာကောက်နှုပ်ချက် ပုရပိုက် ဂဝိဂဏ္ဍပါသနကျမ်းပေမူ လျို့ဝှက်ကျောက်စာဂဏန်းရေးနည်း ပေမူ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ စာအုပ် အာနန္ဒာစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီမင်းစာအုပ် ရခိုင်ဒင်္ဂါးများသမိုင်းစာအုပ် ဗုဒ္ဓအနုပညာ Art of Acient Arakan စာအုပ်စသည့် ရေးသားပြုစုတည်းဖြတ်ရာတွင် ပါဝင်ကူညီခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ရေဒီယိုမှ ပထမဆုံးရခိုင်အသံကို စတင်ထုတ်လွှင့်ခဲ့သည်။ တိမ်မြုတ်ပျောက်ကွယ် နေခဲ့ပြီးသော ရခိုင့်ယဉ်ကျေးမှုအမွေနှစ် ရခိုင်သမိုင်း ရခိုင်စာပေ ရခိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ကမ္ဘာကသိအောင် ကိုယ်တိုင်ကိုယ်ကျ အားသွန်ခွန်စိုက် စတင်ထုတ်ဖေါ် ရှာဖွေစုဆောင်း လေ့လာဆော်သြ ပြောဆိုရေးသား ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ခဲသည်။ မျိုးဆက်သစ်ပေါင်းများစွာကိုလည်း မွေးဖွားပေးခဲ့သည်။
ဆရာကြီးအား ရခိုင့်ယဉ်ကျေးမှု အမွေအနှစ် ရခိုင့်သမိုင်း ရခိုင့်စာပေ ရခိုင့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို အသစ်တဖန် ပြန်လည်မွေးထုတ်ပေးခဲ့သော ဘခင်ကြီးတဦးဖြစ်သည်သာမက မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးထစေခဲ့ သော ပုဂ္ဂိုလ်ကြီးတဦးပင်ဖြစ်သည်။
ဆရာကြီးသည် (၁၄-၈-၁၉၉၀) နေ့တွင်စစ်တွေမြို့တွင် ကွယ်လွန် အနစ္စရောက်ခဲ့ပါသည်။ သို့သော်ငြားလည်း ဆရာကြီးနိုးထ ရှင်သန်စေခဲ့သော အသက်ဝိညာဏ်များကား ကမ္ဘာတည်သရွှေ့ အားကောင်းမောင်းသန်ဖြင့် ရှင်သန်နိုးထ တက်ကြွ လှုပ်ရှားနေကြမည်သာတည်း။

Ref: Aung Soe Myint , Facebook Wall မှ

(ဤသတင်းကို RSV မှကူးယူဖော်ပြပါသည်)

No comments: