Wednesday, August 28, 2013

ရခိုင်ပြည်နယ် မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းအတွက် တန်ချိန် သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ပြီးစီး

ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းအတွက် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။
အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း တည်ဆောက်ခြင်း ဖြစ်သည်။ ယခုတည်ဆောက် ပြီးသည့် ရခိုင်ပြည်နယ်၊ မဒေးကျွန်းရှိ ရေနံတင် ဆိပ်ကမ်းသည် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများသာ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။
''အခု မဒေးကျွန်းမှာ တည်ဆောက်ပြီးစီးတဲ့ ရေနံတင်ဆိပ်ကမ်းက တန်ချိန်သုံးသိန်းနဲ့ ရေစူး ၂၆ မီတာရှိတဲ့ ရေနံတင် သင်္ဘောကြီးတွေပဲ သီးသန့် ဆိုက်ကပ်နိုင်ဖို့ ဖြစ်ပါတယ်'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းအတွက် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှု ပြီးစီးသော်လည်း ရေနံပိုက်လိုင်း တည်ဆောက်မှုများ ပြီးစီးခြင်း မရှိသေးသည့်အတွက် ရေနံစိမ်းများ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ရေနံစိမ်းပိုက်လိုင်းမှာ စက်တင်ဘာလတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ် နိုင်မည်ဖြစ်ပြီး ယခု တည်ဆောက် ပြီးစီးသည့် ရေနံစိမ်း ဆိပ်ကမ်းမှ Process Station ငါးခုဖြင့် တရုတ်နိုင်ငံသို့ ရေနံစိမ်းများ တင်ပို့သွားမည် ဖြစ်သည်။ ရေနံစိမ်း ပိုက်လိုင်းအတွက် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းတွင် ပိုက်လိုင်း လမ်းကြောင်း ဖြတ်သန်းခ (Right of way) အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း ရရှိမည့်အပြင် မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင် ရသည့်အတွက် (Transit fee) အဖြစ် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် ရေနံစိမ်း စုစုပေါင်း တန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ရရှိမည်ဖြစ်သည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ ဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် အတွင်းက တရုတ်နိုင်ငံသို့ စတင်ပို့လွှတ် နေပြီဖြစ်သည်။ အဆိုပါ စီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း (CNPC) မှ ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: