Wednesday, August 28, 2013

မိုးလယ်ကာလအတွင်း ရေကြီးမှု ထပ်မံဖြစ်ပေါ်၍ ဒေသအချို့၌ လယ်ယာမြေများ ရေနစ်မြုပ် ပျက်စီးခြင်း၊ မိုးစပါး ထပ်မံစိုက်ပျိုးရန် အခက်အခဲရှိခြင်းများ ကြုံတွေ့

8.1.1
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရေဆိုင်ကုန်း ကျေးရွာရှိ လယ်မြေများ ရေနစ်မြုပ် ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ယခုနှစ် မိုးလယ်ကာလအတွင်း ရေကြီးမှုများ ထပ်မံဖြစ်ပေါ် နေသောကြောင့် ဒေသအချို့တွင် လယ်ယာမြေများ ရေနစ်မြုပ် ပျက်စီးခြင်း၊ ယခုနှစ် မိုးစပါး ရာသီအတွက် ထပ်မံ စိုက်ပျိုးရန် အခက်အခဲ ရှိခြင်းကို တောင်သူများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။
မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေး အန္တရာယ်ကို မိုးရာသီ ကာလအတွင်း ကြုံတွေ့ရလေ့ရှိတွင် ယခုနှစ် ဇူလိုင်လကုန် ပိုင်းကလည်း မိုးရွာသွန်းမှု ကောင်းမွန်သည့် ဒေသများ၌ မြစ်ရေကြီးမှုကို ကြုံတွေ့ခဲ့ရပြီး ရေကြီးရေလျှံ ခြင်းတို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းများ ဒေသအချို့၌ ဖြစ်ပေါ်ခဲ့သည်။
ယခုလတွင်လည်း ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် စသည့် ဒေသတို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေသည့် အတွက် လယ်ယာမြေ ရေနစ်မြုပ်မှုများ ဆက်လက် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရေဆိုင်ကုန်း ကျေးရွာမှ တောင်သူ ဦးသန်းမြင့်က ''သြဂုတ် လဆန်းပိုင်းက ရေကြီးတာတွေကတော့ကုန်းမြင့်တဲ့ နေရာတွေမှာ ရေပြန်ကျသွားပါပြီ။ ရေနက်ပိုင်းတွေမှာသာ ရေနစ်နေတုန်းပါ။ ခုချိန်ထိ ရေပြန်မကျသေးတော့ ဧက ၁၀၀ ကျော်က ရေနစ်နေတာ။ ဒီရက်ပိုင်း မိုးရွာတာတွေကြောင့် ကုန်းမြင့်နေရာတွေက ပြဿနာ သိပ်မရှိပေမယ့် ရေနက်ပိုင်းကတော့ ဒီရာသီ ပြန်စိုက်ဖို့ မလွယ်တော့ဘူး'' ဟု ပြောကြားသည်။
ဇူလိုင်လကုန်ပိုင်းက ရေကြီးမှုသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး စသည်တို့ကို သက်ရောက်ခဲ့ကာ ဒေသခံ ၃၈၃၀၀ ကျော်သည် နေရပ်မှ ရွှေ့ပြောင်းခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ UN Office for the Coordination of Humanitarian Affairs (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သြဂုတ် ၇ ရက်အထိ လူဦးရေ ၇၀၀၀၀ ကျော်မှာ ယာယီစခန်းများတွင် နေထိုင်ခဲ့ရကာ နေရပ်မှ ရွှေ့ပြောင်းရသူများ နေရပ်ပြန်နိုင်ပြီ ဖြစ်စေကာမူ ထောက်ပံ့မှုများ လာမည့် ရက်သတ္တပတ် အနည်းငယ်အထိ လိုအပ်မည်ဖြစ်ပြီး ယင်းမှာ သီးနှံများ၊ စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံး ခဲ့သည့်အတွက် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇူလိုင်လကုန် သြဂုတ်လဆန်းပိုင်းက ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံး မှုများကို အဓိက ကြုံတွေ့ခဲ့ရသည့် ကရင်ပြည်နယ်တွင်သြဂုတ်ပထမပတ်အထိလယ်ယာမြေဧကပေါင်း၃၆၀၀၀ ကျော်မှာ ရေနစ်မြုပ်နေဆဲ ဖြစ်သည့်အတွက် အစားအစာ လိုအပ်ချက်ကို လာမည့်ကာလများတွင် ရင်ဆိုင်လာရ နိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း မိုးကောင်း၍ ရေကြီးမှုများ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ထပ်မံဖြစ်ပေါ်သည့် အတွက် အနိမ့်ပိုင်း လယ်ယာမြေများ ရေနစ်မြုပ်ခြင်း၊ ယခင်တစ်ကြိမ် ရေနစ်မြုပ်ပြီး နောက်ထပ်မံ စိုက်ပျိုးထားသော လယ်ယာမြေများတွင် ဒုတိယအကြိမ် ရေနစ်မြုပ်ခြင်း စသည်တို့ကို ကြုံတွေ့လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ကော့မှူးမြို့နယ်၊ ပျားမွှတ်ကျေးရွာမှ တောင်သူ ဦးခင်ဝေက ''ကျွန်တော်တို့ရွာမှာ ရေပြန်ကြီး နေပြန်ပြီ။ အရင်ရက်က ရေကျသွားလို့ ပြန်စိုက်ထားတာတွေလည်း ရေနစ်ကုန်ပြီ။ မစိုက်ရသေးတဲ့ သူတွေလည်း ထပ်စိုက်ဖို့ အဆင်မပြေတော့ဘူး။ အခု ရေနစ်နေတာ ဧက ၅၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေကြီးရင် ရေထွက်စရာ ချောင်းတစ်ချောင်းပဲ ရှိတယ်။ ဒီအနီးနား ၀န်းကျင်က ရေမှန်သမျှ ဒီချောင်းကပဲ ထွက်နေရတော့ ရေကတော်တော်နဲ့ မကျနိုင်ဘူး။ ချောင်းပေါက်တွေ များများရှိရင် ရေစီးရေလာ ကောင်းရင်တော့ ဒီလိုရေကြီးတာ သက်သာနိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ ၀န်းကျင်မှာ ရေအိုင်ကြီးလို ဖြစ်နေပြီး ရေကြီးနေဦးမှာပဲ'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်နေ၍ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်ကာ ပျက်စီးဆုံးရှုံးမှု များကိုလည်း တွေ့ကြုံလာရပြီး ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံး ဒေသများတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ပါဝင်နေကာ ပျက်စီးဆုံးရှုံး လွယ်သော အုပ်စုတွင် လယ်သမားများက အဓိကနေရာ၌ ရှိနေကြောင်း ၂၀၁၂ ခုနှစ် အတွင်းက ထွက်ရှိခဲ့သည့် ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေ ပြုမူဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု အစီရင်ခံစာ မူကြမ်းအရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: