Sunday, August 18, 2013

မြန်မာ-တရုတ်ပိုက်လိုင်းတစ်လျှောက် လူမှုဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် သုံးစွဲမည်ဟုဆို+

ပိုက်လိုင်းသွယ်တန်းရေး လုပ်ငန်းခွင်တစ်နေရာ

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း China Nat-ional Petroleum Corporation) CNPC ကုမ္ပဏီက ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်းတွင် ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အသုံးပြုသွား မည် ဖြစ်ကြောင်း အဆိုပါ CNPC တာဝန်ရှိသူ Mr.Zhang ၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် သရက်တန်းကျေးရွာ (ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး) အနီးရှိ မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်းတွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီက ပြုလုပ်သော မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၂၀၁၃ ခုနှစ် လူမှုစီးပွား ဖွံ့ဖြိုးရေး တည်ဆောက် လှူဒါန်းခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် Mr.Zhang က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်ကို ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေး လုပ်ငန်း ၃၃ ခုအတွက် ၂၀၁၃ ခုနှစ်အတွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ယင်းကဲ့သို့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှု များသည် နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရန်ဟူသော အချက်ကို အထောက်အကူပြုရာ ရောက်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝေထွန်းက အဆိုပါ အခမ်းအနားတွင် ဖြည့်စွက် ပြောကြားသည်။

ယင်းလူမှုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ၃၃ ခုအနက် ရခိုင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၆၄၅,၆၂၉၊ မကွေးတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၁၉၇,၀၀၈၊ မန္တလေးတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၃၅၉,၈၃၇၊ ရှမ်းပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၄၅၁,၇၉၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၆၅၄,၂၆၄ (၁ ဒသမ ၆ သန်းကျော်) သုံးစွဲသွားမည် ဖြစ်ကြောင်း CNPC ကုမ္ပဏီ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။

အဆိုပါစီမံကိန်းမှ သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်ပြီဖြစ်ပြီး ရေနံစိမ်းများ တင်ပို့နိုင်ရန်အတွက် ပိုက်လိုင်း တည်ဆောက်မှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ရေနံစိမ်းပိုက်လိုင်း ပြီးစီးပါက ယင်းပိုက်လိုင်းမှနေ၍ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ဖြတ်သန်း ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝေထွန်းက ပြောကြားသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ကီလိုမီတာ ၇၇၁ ရှည်ပြီး ကျောက်ဖြူမြို့နယ် မဒဲကျွန်းမှ လည်းကောင်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်ပြီး ကျောက်ဖြူဆိပ်ကမ်းမှ လည်းကောင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည်။

ယင်းပိုက်လိုင်း ဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်းရရှိပြီး စာချုပ်သက်တမ်းမှာ နှစ် ၃၀ ဖြစ်ကာ နှစ် ၃၀ စာအတွက် ၄၁၄ ဒသမ ၃ သန်းနှင့် ရေနံစိမ်း တစ်တန်ဖြတ်သန်းခ နှစ် ၃၀ အတွက် အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့်ရရှိမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗမီတာ နှစ်ဘီလီယံ သုံးစွဲခွင့်ရရှိမည် ဖြစ်ကြောင်း CNPC ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: