Thursday, August 8, 2013

မာန်အောင်ကျွန်းအနီး သောင်တင်နေသော Gladys ကုန်တင်သင်္ဘောတွင် ဖော့စဖောရပ်အက်ဆစ်များတင်ဆောင်ပါရှိ / ကွန်တိန်နာအချို့ နှင့် သင်္ဘောသား (၁၈) ဦးကို မတွေ့ရ

 ကျောက်ဖြူ ၊ ၀၈ သြဂုတ် ၂၀၁၃၊ Coral Arakan News ၊ [ သတင်း ]

မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်တစ်နေရာတွင် သောင်ပြင်တိုက်မိကာ နစ်မြုပ်လုနီးပါးဖြစ်ခဲ့သော MV Gladys သင်္ဘောပေါ်တွင် အခြားသော ကုန်ပစ္စည်းများအပြင် ဖော့စဖောရပ် အက်ဆစ် နှင့် အခြားသော အန္တရယ်ရှိ ဓါတုပစ္စည်းများ ကိုလည်း တင်ဆောင်လာခြင်းဖြစ်ကြောင်း သင်္ဘောလိုင်းများဆိုင်ရာ သတင်းဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ Kelang ဆိပ်ကမ်းမှ ဇူလိုင်လ (၂၆) ရက်နေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာလာခဲ့သော အင်ဒိုနီးရှားအလံတင် MV Gladys သည် ပြီးခဲ့သော သြဂုတ်လ (၁) ရက်နေ့က မာန်အောင်ကျွန်း အနီးတွင် သောင်ခုံနှင့် တိုက်မိကာ ရေ၀င်သွားသဖြင့် စက်ရပ်သွားကာ အရေးပေါ်အခြေအနေသို့ ရောက်ရှိသွားသဖြင့်၊ ပါရှိလာသော သင်္ဘောသား (၂၁) ဦးအတက် (၁၈) ဦးကို အနီးကဖြတ်သွားသော သင်္ဘာကြုံနှင့် တင်ပေးလိုက်ရသည် ဟု ဆိုသည်။

အဆိုပါ အင်ဒိုနီးရှားလူမျိုး သင်္ဘောသား (၁၈) ဦးမှာ စစ်တကောင်းသို့ ရောက်ရှိပြီး အဂ္ဂရာဘဒ် (agrabad) ရှိ စိန့်မာတင် ဟိုတယ်တွင် တည်းခိုနေကြသည် ဟု သိရပါသည်။

ယခု မန်အောင်ကျွန်း၏ အနောက်မြောက်ဘက် နှင့် မင်းပြင် အနောက်ဘက် (၁၃) မိုင်ခန့်အကွာမှာ ရှိနေသော MV Gladys ပေါ်တွင် ကျန်နေခဲ့သူ သင်္ဘောသား သုံးဦးမှာ သင်္ဘော၏ ရေယာဉ်မှူး၊ အင်ဂျင်နီယာချုပ် နှင့် ကုန်းပတ်(၂) အရာရှိ တို့ဖြစ်ကြသည်။

မြန်မာတာဝန်ရှိသူ ရှစ်ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးသောအခါ ကွန်တိန်နာအလုံး (၅၂၀) နှင့် သင်္ဘောသား သုံးဦးကိုသာတွေ့ရတော့သည် ဟု ဆိုသည်။
သင်္ဘောလိုင်းများဆိုင်ရာ သတင်းဝက်ဘ်ဆိုဒ်များတွင်ဖော်ပြထားချက်များအရ သင်္ဘောပေါ်တွင် ပါရှိသော ကွန်တိန်နာအရေအတွက်မှာ (၆၄၇) လုံးဖြစ်သည်။

ထိုသင်္ဘောအနီးသို့ ဓည၀တီရေတပ်စခန်းမှ စစ်ရေယာဉ်အမှတ် (၆၁၃)သည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နံနက်စောစော ကတည်းကရောက်ရှိပြီး လုံခြုံရေးနှင့် အခြား လိုအပ်ချက်တွေကို ကူညီဆောင်ရွက် ပေးခဲ့သည် ဟု သိရှိရသည်။

ဗိုလ်မှူးအောင်သူ ကွပ်ကဲသော စစ်ရေယာဉ်အမှတ် (၅၅၅) နှင့် စစ်ရေယာဉ်အမှတ် (၆၁၃) တို့သည် MV Gladys အနီးတွင် စောင့်ရှောက်လျက် ရှိနေကြသည်။

သင်္ဘောထဲကို ၀င်သွားသော ရေများကို အဆက်မပြတ် စုပ်ထုတ်လျက်ရှိပြီး ကွဲပြဲပျက်စီးသွားမှုကို ဗိုလ်မှူး နေလင်းထွန်း နှင့် အဖွဲ့က ကူညီပြုပြင်ပေးနေသည် ဟု သိရသည်။

သင်္ဘောကုမ္ပဏီ အနေဖြင့် စင်ကာပူမှ ဆွဲသင်္ဘောတစ်စီးကို မှာယူထားပြီး Gladys ကို ဆွဲခေါ်သွားနိုင်သည့် အခြေအနေသို့ ရောက်အောင် ပြင်ဆင်ပြီးလျှင် စစ်တကောင်းသို့ ဆွဲယူသွားမည်ဖြစ်သည်။

အကောက်ခွန်မှတစ်ဦး၊ ဆိပ်ကမ်းအာဏာပိုင်တစ်ဦး၊ မီးသတ်တပ်ဖွဲ့ဝင်သုံးဦး၊ ရဲတစ်ဦး၊ လ၀ကတစ်ဦး၊ SP တစ်ဦး၊ စုစုပေါင်းရှစ်ဦး ပါဝင်သောအဖွဲ့က သင်္ဘောအားတက်ရောက်စစ်ဆေးစဉ် ကွန်တိန်နာများကို ကြည့်ရှုစစ်ဆေးရန် ရေယာဉ်မှူးဖြစ်သူက ခွင့်မပြုခဲ့ ဟု သိရသည်။ ထို့အပြင် ကွန်တိန်နာအရေအတွက် ကွာခြားချက်ရှိနေခြင်းနှင့် အချို့ကွန်တိန်နာများတွင် အန္တရာယ်ရှိ ဓါတုပစ္စည်းများပါဝင်နေခြင်းကို စစ်ဆေးသူများ သတိပြုမိပုံမရချေ။

စွန့်ခွာရန် ရေယာဉ်မှူးက ခွင့်ပြုခဲ့သည် ဆိုသည့် သင်္ဘောသားများ မည်သည့်နေရာသည့်ရောက်နေမှန်း ဒေသခံများက မသိသည့်အတွက် ကျောက်ဖြူနှင့် မာန်အောင်မှ ဒေသခံများက ဒေသလုံခြုံရေးအတွက် အထူးစိုးရိမ်ကြနေလျက်ရှိသည်။

၁၇၇ မီတာ ရှည်လျားသည့် ကွန်တိန်နာတင် သင်္ဘော MV Gladys ကို Gold Star Line က ပိုင်ဆိုင်ပြီး၊ ယခုခရီးစဉ်တွင် သင်္ဘောပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများအားလုံး၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း (၆၀) ဖိုးခန့်ရှိသည် ဟု ဆိုသည်။

( Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။ )
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: