ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပူးပေါင်းခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ ရခိုင်အမျိုးသားပါတီ (ANP) ဖွဲ့စည်းပုံအတွက် ယခုလ ၂၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ကြေညာထား သော်လည်း အဆိုပါ ဖွဲ့စည်းပုံတွင် လိုအပ်ချက်များ အနည်းငယ်ရှိနေသည့်အတွက် ယခုလ (စက်တင်ဘာလ) ကုန်မှ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး ရခိုင်တမျိုးသားလုံး၏ သွေးစည်းညီညွတ်ရေးအတွက် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ (ANP) အတွက် ဖွဲ့စည်းပုံ အသစ်ရေးဆွဲဖို့ ဇူလိုင်လ ၁၆ ရက်နေ့က စစ်တွေမြို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ရုံးချုပ်တွင် RNDP နှင့် ALD တို့မှာ သူတို့၏ နဂိုမူလ ဖွဲ့စည်းအုပ်ချုပ်ပုံတွင်ပါရှိသည့် အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (ဓါတ်ပုံ - နိရဉ္စရာ)ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး ရခိုင်တမျိုးသားလုံး၏ သွေးစည်းညီညွတ်ရေးအတွက် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ (ANP) အတွက် ဖွဲ့စည်းပုံ အသစ်ရေးဆွဲဖို့ ဇူလိုင်လ ၁၆ ရက်နေ့က စစ်တွေမြို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ရုံးချုပ်တွင် RNDP နှင့် ALD တို့မှာ သူတို့၏ နဂိုမူလ ဖွဲ့စည်းအုပ်ချုပ်ပုံတွင်ပါရှိသည့် အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (ဓါတ်ပုံ - နိရဉ္စရာ)
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက " ဖွဲ့စည်းပုံမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ တကယ်တော့ ပြီးနေပါပြီ။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ပြန်ပြီးတော့ ဖြည့်စွပ်စရာတွေ ရှိနေတဲ့အတွက်ကြောင့် ဒီလ ၂၅ ရက်နေ့ တွေ့မယ့်ဟာ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ဒီလကုန်မှ တွေ့ဆုံမယ်ဆိုပြီးတော့ နောက်ဆုပ်ထားလိုက်ပါတယ်။ " ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဖွဲ့စည်းပုံတွင် မြို့နယ်၏ သဘောထားများ လိုအပ်ချက်များ ရှိနေသောကြောင့် ဖွဲ့စည်းပုံမပြီးစီး သေးကြောင်း ယင်းအတွက်ကြောင့် မြို့နယ်၏ သဘောထားများကို ယခုကောက်ယူနေပြီ ဖြစ်သည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ နှစ်ဘက် ကိုယ်စားလှယ်များသည် အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသားပါတီ (Arakan National Party) ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး စစ်တွေတွင် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ပါတီ၏ ဖွဲ့စည်းပုံသစ် လျှင်မြန်ပြီးစီးသွားနိုင်ရန်အတွက် ALD ဖက်မှ ဦးဦးကျော်မြင့်၊ ဦးထွန်းညို၊ ဦးဘကျော်တို့နှင့် RNDP ဖက်မှ ဦးခိုင်ပြည်စိုး၊ ဒေါ်အေးနုစိန်၊ ဦးခင်မောင်ကြီးတို့က တာဝန်ယူခဲ့ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)