Wednesday, September 4, 2013

ကန်တော်မင် ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမရုပ်တု ပြန်လည်ထားရှိရေး ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး အထောက်အထားများ ပေးပို့ထား


ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံအတွင်း ဆရာတော် ဦးဥတ္တမရုပ်တု ပြန်လည်ထားရှိရေးအတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ အထောက်အထားများ ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
အင်္ဂလိပ်ကို တော်လှန်ရမယ်လို့ စပြီးအသိဥာဏ် ဖွင့်ပေးခဲ့တာ ဆရာတော် ဦးဥတ္တမပဲ။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေး မီးရှူးတန်ဆောင်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ကြိုးပမ်းဖို့အတွက် မျိုးစေ့ချပေးခဲ့တဲ့ အရင်ဆုံးသော ခေါင်းဆောင်ပဲ . . . . .
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ရာတွင် အထောက်အထား တင်ပြရန် ပြန်လည်ဖြေကြားခဲ့သဖြင့် ယခုကဲ့သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။
"လောကကြီးမှာ ကျေးဇူးတရားဆိုတာ မမေ့ကောင်းပါဘူး။ ကမ္ဘာမှာ အင်္ဂလိပ်ကို တော်လှန်ရမယ်လို့ စပြီးအသိဥာဏ် ဖွင့်ပေးခဲ့တာ ဆရာတော် ဦးဥတ္တမပဲ။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေး မီးရှူးတန်ဆောင်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ကြိုးပမ်းဖို့အတွက် မျိုးစေ့ချပေးခဲ့တဲ့ အရင်ဆုံးသော ခေါင်းဆောင်ပဲ။ ပန်းခြံထဲက ဦးဥတ္တမရုပ်တုကို ဖယ်ခဲ့တာက တိုင်းရင်းသားကို ဒီလိုလုပ်စရာ မလိုဘူး၊ တိုင်းရင်းသား လူမျိုးတွေဆိုတာ တစ်ဆင့်နိမ့် လူမျိုးတွေဆိုပြီး မလုပ်သင့်ဘူးဆိုပြီး ဗမာလူမျိုးကြီး ၀ါဒီတွေ လုပ်ခဲ့တဲ့ လုပ်ရပ်ပဲ။ ဒီကနေ့ နိုင်ငံဟာ တိုင်းရင်းသားတွေအားလုံး နေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံလို့ ဖွဲ့စည်းပုံကလည်း အတိအလင်း ဖော်ပြထားပြီ။ တိုင်းရင်းသားတွေရဲ့ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ရမယ်။ ကျေးဇူးကန်းတဲ့ သူတွေက ဖျောက်ဖျက်ပစ်လိုက်တာကို ကျွန်တော်တို့က ပြန်လည်ဖော်ထုတ်ရမယ်။ ဒီလို ဖော်ထုတ်တာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ဖော်ထုတ်တာပဲ။ တို့တာဝန် အရေးသုံးပါး ခိုင်မာအောင် လုပ်တာပဲ" ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
ကန်တော်မင် ပန်းခြံတွင် ဦးနုအစိုးရလက်ထက်က မူလထားရှိခဲ့သော ဆရာတော် ဦးဥတ္တမရုပ်တုမှာ ပျောက်ဆုံးနေပြီး ပန်းပုဆရာကြီး ဦးဟန်တင်အိမ်တွင်ရှိသော ရုပ်တုမှာ အမျိုးသားပြတိုက်တွင် ထားရှိရန် ရည်ရွယ်၍ ထုလုပ်ခဲ့သော ရုပ်တုဖြစ်ကြောင်းလည်း ဦးဇော်အေးမောင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group ၊ ဓာတ်ပုံ- အင်တာနက်)

No comments: