Wednesday, September 4, 2013

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရန် UNFC နှင့် UNA မှ ကော်မတီဖွဲ့စည်း

AA-4-9
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့မှ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် လမ်းညွှန်ပုဂ္ဂိုလ်များအဖြစ် UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ၊ UNLD (LA) ဥက္ကဋ္ဌ ခွန်မန်းကိုဘန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ ပါဝင်သည်။
ဥပဒေကြမ်းရေးဆွဲရေး ကော်မတီအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ လက်ထောက်ခေါင်းဆောင်များအဖြစ် ဦးစိုင်းညွန့်လွင်နှင့် ဦးမျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် နိုင်လီခွမ်းတို့ အပါအ၀င် အခြားအဖွဲ့ဝင် ငါးဦးပါဝင်ပြီး ဥပဒေ အကြံပေးများအဖြစ် ပြည်တွင်းပြည်ပ ပညာရှင်ကိုးဦး ပါဝင်ကာ ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ် မကုန်မီ အပြီးရေးဆွဲ သွားရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားညီလာခံတစ်ခု ပြုလုပ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံပွဲ ထပ်မံပြုလုပ်ခဲ့ကာ ဆုံးဖြတ်ချက်သုံးခု ချမှတ်ခဲ့ရာတွင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)တစ်ခု ရေးဆွဲရန်ဆိုသော အချက်ကို ထည့်သွင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တစ်အချက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့၊ နှစ်အချက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ အခြေခံတွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံတွေနဲ့ မကိုက်ညီလို့ လက်မခံကြောင်း ဆုံးဖြတ်တာနဲ့ သုံးအချက်အနေနဲ့ UNFC နဲ့ UNA တို့က ကမကထပြုပြီး ပါသင့်ပါထိုက်တဲ့ ပညာရှင်တွေ၊ အမျိုးသမီး အဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေက ပါသင့်ပါထိုက်တဲ့ သူတွေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့တွေ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ အခုကော်မတီကို ဖွဲ့လိုက်တာပါ" ဟု အဆိုပါ ကော်မတီတွင် လမ်းညွှန်ပုဂ္ဂိုလ်အဖြစ် ပါဝင်သည့် ဦးအေးသာအောင်က ပြောကြားသည်။
ကော်မတီအနေဖြင့် လွန်ခဲ့သည့် နှစ် ၂၀ က ပြည်ပရောက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) အဖွဲ့ဝင်များ၊ NCUB၊ တိုင်းရင်းသား လူမျိုးများနှင့် ဥပဒေ ပညာရှင်များ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အခြေခံကာ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲသွားမည်ဖြစ်ပြီး UNFC နှင့် UNA တို့၏ မူတစ်ခုအဖြစ် ကိုင်စွဲထားနိုင်ရန်ဖြစ်ကြောင်း သိရသည်။
"တကယ်လို့ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာရင် ဒါကိုတင်ပြဖို့ ရည်ရွယ်တယ်။ နောက်တစ်ခုက ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံတစ်ခု ကျင်းပခဲ့ရင် UNFC နဲ့ UNA တို့အနေနဲ့ ဒီမူကြမ်းကို တင်ပြမယ်။ နောက်ပြီး အခုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဘက်က ပြင်ဆင်တဲ့အခါမှာ လိုအပ်မယ်ဆိုရင် ဒါကိုတင်ပြမယ်" ဟု  ဦးအေးသာအောင်က ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သင့်သည့် အချက်များကို လေ့လာနိုင်ရန်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ပါတီတစ်ခုစီမှ လွှတ်တော်တွင်း ပါဝင်သော ကိုယ်စားလှယ် အရေအတွက် အချိုးကျစီဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ကော်မတီသက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးချိန်အထိ ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: