ဗီဇာသက်တမ်းတိုးရန် ထုတ်ပြန်မှု မရှိသေးသည့်အပေါ် စိုးရိမ်နေကြသော မြန်မာ အလုပ်သမား ၃၀၀ ကျော်နှင့် ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်တို့၏ ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁ ရက်နေ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ တလာ့ထလေထိုင်း (ပင်လယ်ထွက်ပစ္စည်း ရောင်းချရေးဈေး) ပိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။  (ဓာတ်ပုံ - KIC)မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - KIC)
၎ နှစ်ဗီဇာသက်တမ်း ကုန်ဆုံးသွားသည်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်သော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထုတ်ပြန်ခြင်း မရှိသေးသည့်အပေါ်တွင် အလုပ်သမားများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြရာ ထိုင်းအလုပ်သမားဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်နှင့် အလုပ်သမား ၃၀၀ ကျော်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် သက်တမ်းကုန် ဗီဇာများ မြန်မာပြည်တွင် သုံးနှစ်နေပြီး ပြန်လာမှ သက်တမ်းတိုးပေးမည်ကို အလုပ်ရှင်နှင့် အလုပ်သမားများ တောင်းဆိုမှုကြောင့် တစ်လသို့ လျှော့ချလိုက်ပြီး ယခင်လုပ်ပေးခဲ့သောနေရာတွင် ပြန်လည်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ သက်တမ်းကုန် ဗီဇာများ တစ်ရက်လွန်လျှင် ဘတ် ၅၀၀ ဒဏ်ငွေဆောင်ရမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌါန၏ အထူးကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက်မှ ရှေ့နေအကူဝန်ထမ်းဖြစ်သူ ကိုဇော်မှ ပြောသည်။
" ဗီဇာသက်တမ်း ကုန်နေကြတာ ဇူလိုင် ၁၅ ရက်နေ့ ကတည်းဖြစ်ပါတယ်။ အခု စက်တင်ဘာလ ကုန်ရင် ၁ လခွဲ ရှိသွားတော့မယ်။ ဆွေးနွေးပွဲနေ့က ဝန်ကြီးပြောတာကတော့ တစ်ရက်လွန်ရင် ဘတ် ၅၀၀ ဒဏ်ငွေ ဆောင် ရမယ်လို့ ပြောခဲ့တယ်။ အဲဒါဆိုရင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေ ပိုများလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဝန်ကြီးဌါနအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးမလဲဆိုတာကို တင်ပြဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ ပြောတာကတော့ လာမည့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနှင့်မြန်မာ ဆွေးနွေးပြီးတော့ ထုတ်ပြန်မယ်လို့ ပြောပါတယ်။ " ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများမှ ၄ နှစ်သက်တမ်းပြည့်သွားပြီဖြစ်သော ဗီဇာများအား ထိုင်းနိုင်ငံတွင် ပြန်လည်တိုးပေးရန်၊ ယခင်ကလုပ်ပေးခဲ့သော နေရာများတွင် ပြန်လုပ်ပေးရန်၊ ထိုင်း Agent များနှင့် ပွဲစားများအား အနည်းငယ်ထိန်းချုပ်ပေးရန်နှင့် သက်တမ်းမတိုးခင် အလုပ်သမားများအား ထိုင်းလုံခြုံရေး ရဲများက ဖမ်းဆီးနေခြင်းအပေါ် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း စသော အချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
" အလုပ်သမားတွေ တစ်ဦးချင်းစီက ထွက်လာတဲ့ အသံတွေကို စုစည်းပြီးတော့ တင်ပြလိုက်တာပါ။ ကျွန်တော်တို့ တင်ပြရင် ကျွန်တော်တို့ အသံပဲ ဖြစ်သွားမှာစိုးလို့ပါ။ တင်ပြတာကတော့ ဗီဇာသက်တမ်းတိုး တာကို ထိုင်းနိုင်ငံမှာ လုပ်ပေးဖို့ ၊ အရင်လုပ်ခဲ့တဲ့ ရုံး ၁၁ ရုံးတွင် ပြန်လည် လုပ်ဆောင်ပေးရန်၊ Agent နှင့်ပွဲစားတွေကို နည်းနည်း ထိန်းချုပ်ပေးဖို့ သက်တမ်းကုန်သွားလို့ရှိရင် ပြန်တိုးပေးဖို့၊ သက်တမ်းမတိုးခင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေကို ထိုင်းလုံခြုံရေးရဲတွေက ဖမ်းဆီးနေတဲ့အပေါ်မှာ ဘယ်လိုထိန်းချုပ် ထားမလဲ စတဲ့ အချက်တွေကို အလုပ်သမားတွေက တင်ပြကြတယ်။ အလုပ်သမား ၃၀၀ ကျော်လောက် တက်ရောက် ဆွေးနွေးကြပါတယ်။ " ဟု ကိုဇော်မှ ပြောသည်။
၎င်းဆွေးနွေးပွဲအား ထိုင်း NGOs များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်သော ထိုင်းနိုင်ငံပိုင် အလုပ်သမားများ သမဂ္ဂအဖွဲ့၊ ထိုင်း-ဗမာ သွေးစည်းညီညွတ်ရေးအဖွဲ့၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်တို့မှ ပူးပေါင်းကာ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး၊ ထိုင်းအစိုးရဖက်မှ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး အထူးကိုယ်စားလှယ်တစ်ဦး၊ ထိုင်း NGOs များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အလုပ်သမားများ ပေါင်း လူဦးရေ ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများသည် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ အလုပ်သမားများအား သေချာအောင် လုပ်ပေးသင့်ကြောင်း၊ သက်တမ်းမကုန်ဆုံးခင်ကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး လုပ်ထားသင့်ကြောင်း ယခုဆိုလျှင် မိမိတို့ ကြေညာချက်ထုတ်ပြန်ပြီးမှ စတင်လှုပ်ရှားသောကြောင့် အဆင်မပြေ ဖြစ်ရကြောင်း ကိုဇော်မှ သူ့အမြင်ကို ပြောပြသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသော လုပ်အားခ အပြည့်အဝမရရှိခြင်း၊ လုံလောက်သော စာရွက်စာတမ်းများရှိသော်လည်း ထိုင်းလုံခြုံရေးရဲများ၏ ငွေညှစ်ခံရခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)