Tuesday, September 3, 2013

ကုလအထူးကိုယ်စားလှယ် ရခိုင်ရောက်ရှိစဉ် သိမ်းဆည်းခံ မြေများပြန်ရရှိရေး ငပလီတွင် တစ်ကိုယ်တော်ဆန္ဒပြ


အာဏာပိုင်များနှင့် လုပ်ငန်းရှင်ကြီးများသိမ်းဆည်းထားသောမြေများကို မူလပိုင်ရှင်များ ပြန်လည်ရရှိရေးအတွက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီရွာတွင်စက်တင်ဘာ ၂ ရက်က လူတစ်ဦး တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း ရခိုင်လူမှုကွန်ရက်မှ ဦးမြင့်မိုးက ပြောသည်။

ဆန္ဒပြသူမှာ သံတွဲမြို့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုဖြင့် နှစ်ကြိမ်တိုင်တိုင် တရားစွဲခံထားရသူ ၈၈ မျိုးဆက်
ကျောင်းသားဟောင်း ကိုစောဝေဖြစ်ပြီး၊ သူသည်သိမ်းဆည်းခံထားရသည့်မြေများ ပြန်လည်ရရှိရေးအတွက် တတိယအကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ကိုစောဝေဆန္ဒပြသည်မှာသံတွဲမြို့သို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဗီဂျေနမ်ဗီးယား ရောက်ရှိသည်နှင့် လည်း တိုက်ဆိုင်နေသည်။

ဆန္ဒမပြမီနာရီပိုင်းခန့်အလို၌ ကိုစောဝေကို မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာတွင် “အခုသံတွဲမှာ မစ္စတာနမ်ဗီးယားရောက်နေတယ်။ သူလေဆိပ်ကိုပြန်ဆင်းတဲ့အခါ ဆန္ဒပြဖို့ ကျွန်တော်စောင့်နေတယ်။ မြန်မာနိုင်ငံမှာဒီမိုကရေစီပြောင်းနေတယ် အော်ပေးနေကြတဲ့အချိန်မှာ ပြည်သူတွေပိုင်တဲ့မြေတွေ မတရားသိမ်းထားဆဲ ဖြစ်တယ်ဆိုတာကိုကုလသမဂ္ဂအကြံပေးကြီးသိသွားစေချင်လို့ပါဗျာ”ဟု ပြောကြားခဲ့သည်။

ကိုစောဝေကို “ရဲက ကားနဲ့ ဖမ်းခေါ်သွားခဲ့တယ်။ လောလောဆယ်တော့ ပြန်လွတ်မလာသေးဘူးဗျ” ဟု လည်း ဦးမြင့်မိုးက ဆိုသည်။

ယခုဆန္ဒပြပွဲမှာလည်းယခင်အမှု(ပုဒ်မ၁၈ ဖြင့်စွဲထားသောအမှု)ရုံးချိန်းကိုခွင့်ယူ၍လာခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုစောဝေက မဇ္ဈိမကိုပြောခဲ့သည်။

မစ္စတာနမ်ဗီးယားမှာ နံနက် ၉ နာရီတွင် သံတွဲသို့ရောက်ရှိလာပြီး၊ နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာ သွားခဲ့သည်။ သူသည် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ၊ နှစ်ဖက် ဘာသာရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သေးသည်။

ထိုသို့တွေ့ဆုံရာတွင်“မတူကွဲပြားသည့်ဘာသာများအကြားတွင်ငြိမ်းချမ်းစွာအတူနေနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမှာအရှိန်ရနေလောက်ပြီဖြစ်သဖြင့်ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန်တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။
(ှSource: Mizzima)
Post a Comment