အမေရိကန်ပြည်ထောင်စု ထန်နန်ဆီပြည်နယ်၏ မြို့တော် နာ့စ်အ်ဗီလီမြို့တွင် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘလ ၁ ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သော အမေရိကန် ရခိုင်အမျိုးသားညီလာခံမှ အမေရိကန်ပြည်လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း (All American Arakan Society-AAAS) ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အမေရိကန် ရခိုင်အမျိုးသားညီလာခံ အခမ်းအနား ကျင်းပနေစဉ်။ အမေရိကန် ရခိုင်အမျိုးသားညီလာခံ အခမ်းအနား ကျင်းပနေစဉ်။
အမေရိကန် ရခိုင်အမျိုးသား ညီလာခံသို့ ပြည်တွင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ရဟန်းပျိုများ သမဂ္ဂဥက္ကဌ အရှင်ခေမာစာရ၊ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် သီတင်းသုံး သာသနာပြုနေသော ရခိုင်ရဟန်းတော် အရှင်ရာဇိန္ဒနှင့် အမေရိကန်ပြည်ထောင်စုမှ ရခိုင်အမျိုးသားရေး ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ ရခိုင်အမျိုးသားကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ရခိုင်အမျိုးသား/ အမျိုးသမီးများ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါညီလာခံသို့ တက်ရောက်လာကြသည့် ရခိုင်အမျိုးသားခေါင်းဆောင်များ၊ ရခိုင်ရဟန်းတော်များ၊ ပြည်နယ်ကိုယ်စားလှယ်များနှင့် တသီး ပုဂ္ဂလ တက်ရောက်လာကြသူများ၏ အကျယ်တ၀င့်ဆွေးနွေးအကြံပေး သဘောတူညီချက်အရ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း (AAAS)ကို ဖွဲ့စည်းတည်ထောင် လိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နှင့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ တတ်စွမ်းသလောက် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း (AAAS)ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း (AAAS)ကို လာမည့်ခြောက်လတာ ကာလအတွင်း အသင်း၏ဖွဲ့စည်းပုံအား စနစ်တကျရေးဆွဲပြီး အမေရိကန်အစိုးရ အသိအမှတ်ပြု တရားဝင်လူမှုရေးအဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း (AAAS)ကို ပိုမိုကျစ်လစ် ခိုင်မာလာစေရန်အတွက် လက်ရှိတွင် (၁) ဖွဲ့စည်းပုံးရေးဆွဲရေး ကော်မီတီ၊ (၂) ဘဏ္ဍာရေး ကော်မီတီ၊ (၃) ပြန်ကြားရေး ကော်မီတီနှင့် (၄) စည်းရုံးရေးကော်မီတီ စသည့် ကော်မတီ လေးရပ်ဖြင့် ဖွဲ့စည်းထားသည်ဟု စုံစမ်းသိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)