Monday, September 30, 2013

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Q-30-9
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ငြိမ်းဇော်လင်း)
မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်းနှင့် ရှိသည်ဆိုလျှင်လည်း လုံလောက်မှု မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့ဆွေးနွေးသွားတဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ဒေသ ရခိုင်ပြည်နယ်မှာကျတော့ ထူးခြားစွာပဲ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထူးပြု ပြောသွားတာ ရှိတယ်။ ဒါဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကော ကျွန်တော်တို့ နိုင်ငံမှာ၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိသလားဆိုရင် မရှိသေးဘူး။ ရှိတယ်ဆိုရင်လည်း မလုံလောက်သေးဘူးလို့ပဲ ကျွန်တော်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ပဲ ဒီနေ့ကျွန်တော်တို့ တစာစာ ဟစ်ကြွေးပြောဆိုနေတဲ့ ငြိမ်းချမ်းရေး မရတာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး . . . . .
တရားဥပဒေ စိုးမိုးရေး ဆိုရာတွင် လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို အကောင်အထည်ဖော်ရမည့် ပုဂ္ဂိုလ်များကလည်း လိုက်နာရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မလိုက်နာသူကို ဥပဒေအရ အရေးယူရမည် ဖြစ်သကဲ့သို့ ဥပဒေ ချိုးဖောက်ခြင်းကို လက်ပိုက်ကြည့်နေသည့် တာဝန်ရှိသူများကလည်း ဥပဒေကို မလိုက်နာခြင်း ဖြစ်သည့်အတွက် အဆိုပါ သူများကိုလည်း ဥပဒေနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ အားနည်းမှုများစွာ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။
လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် အစပိုင်းက လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ၊ နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာလည်း အမှန်တကယ် ကျင့်သုံးပြီး အမှန်တကယ် လိုက်နာကျင့်သုံးကြမှသာ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြံ့ခိုင်မှု၊ ထိန်းသိမ်းမှု ဖြစ်ပေါ်ရေးများ အစဉ်လိုက် ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ဆိုသည်။
R-30-9
စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နိဂုံးချုပ် အမှာစကား ပြောကြားစဉ်
ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုများ မလွဲမသွေ လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ လေးစားမှုများ မရှိပါက အလုပ်များ ဆက်လုပ်နိုင်မည် မဟုတ်ကြောင်း၊ အတိတ်၊ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပါက တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုများ နည်းခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ နိမ့်ကျခဲ့ရခြင်း ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားသည်။
"ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး" ဟု ၎င်းကဆိုသည်။
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရုံမျှဖြင့် ငြိမ်းချမ်းရေး ရနိုင်ပြီဟု မဆိုနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည်လည်း ငြိမ်းချမ်းရေး မဟုတ်သော၊ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သော ပဋိပက္ခများ ဖြစ်သည့်အတွက် ယင်းအချက်များကအစ အားလုံးကို ပြေပျောက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ယခင်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဆိုပြီး မပြောရဲခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် ဖက်ဒရယ် ဆိုသည်မှာ နိုင်ငံလုံခြုံ အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေါင်းစုတာဝန်ယူခြင်းပင် ဖြစ်ကြောင်း၊ အာဏာကို ခွဲဝေအသုံးပြုခြင်း၊ ငွေကြေး၊ သယံဇာတများ ခွဲဝေအသုံးပြုခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ ရုပ်ပိုင်း၊ စိတ်ပိုင်း ခိုင်မာမှု မရှိပါက လက်ရှိရခိုင် တိုင်းရင်းသားများ ထမ်းဆောင်နေသော နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွင် များစွာအခက်အခဲ ရှိမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေသော ရခိုင်တိုင်းရင်းသားများကို နှုတ်အားဖြင့် ဂုဏ်ပြုနေရုံနှင့် မရဘဲ လက်တွေ့အကူအညီများ ပေးသွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ဆုံမှုတွင် ရခိုင်တိုင်းရင်းသားများဘက်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့်နိမ့်ကျနေသည့် အခြေအနေများ၊ ဘင်္ဂါလီများနှင့် လက်ရှိအခြေအနေများ၊ ၀ှိုက်ကတ်ကိစ္စများ၊ လူဦးရေ ထိန်းချုပ်ရေး ဆိုင်ရာများ၊ တရားမ၀င် ခိုးဝင်လာမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ကိစ္စများကို အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်တင်ပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် နိုင်ငံတော် သမ္မတထံလည်း တစ်ပြိုင်နက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရထံသို့လည်း လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြန်လည်ပြောကြား သွားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: