လွန်ခဲ့သော စက်တင်ဘာ ၂၆ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ MFC ဘောလုံးကွင်းအနီးတွင်ရှိသော No.1 Government မြန်မာအခေါ် (ပလာတာ) စက်ရုံမှ အလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီ - မဲဆောက် ဂိတ်။ (ဓါတ်ပုံ - မဇ္ဈိမ)ထိုင်း-မြန်မာနယ်စပ် မြ၀တီ - မဲဆောက် ဂိတ်။ (ဓါတ်ပုံ - မဇ္ဈိမ)
လုပ်အားခ ၃ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမားများအား စက်ရုံမှမထွက်လျှင် ပုလိပ်များနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ နှင်ထုတ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။
" စက်ရုံက အလုပ်သမား ၆၅ ဦးစလုံး အလုပ်ထုတ်ခံရပါတယ်။ လစာက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလခ ရမှာပါ။ တစ်ယောက်ကို ပိုက်ဆံ (ဘတ်) ၅၀၀ စီပေးပြီးတော့ ကျန်တာတွေကို နောက်မှအေးဆေး ထုတ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်မတို့က ပိုက်ဆံမယူဘူးဆိုတော့ ပုလိပ်နဲ့ ဖမ်းခိုင်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့လည်း ကြောက်တာနဲ့ ၂၆ ရက်နေ့ စက်ရုံက ထွက်လာကြပါတယ်။ လစာကတော့ ဘာမှမရခဲ့ပါဘူး။ အခု ကျွန်မတို့ကို ဧရာဝတီ အသင်းရုံးခန်းမှာ နေရာချပေးထားပါတယ်။ ဒီိမှာ ၂၀ ကျော်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့သူတွေကတေ့ စက်ရုံတွေမှာ နေကြပါတယ်။ " ဟုပြောသည်။
အလုပ်သမားများက လစာမထုတ်ပေးသောကြောင့် ၁၆ ရက်နေ့ကတည်းက အလုပ်မလုပ်ဘဲ နေခဲ့ကြကြောင်း၊ အလုပ်ရှင် သူဌေးမဖြစ်သူ ဖိဝေမှ ၂၁ ရက်နေ့မှ စတင်ကာ ထမင်းမကျွေးတော့ဘဲ နောက်နေ့များတွင် ရေ၊ မီးများကိုပါ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသူ အလုပ်သမား ၆၅ ဦးတွင် ယောက်ျား ၄ ဦးနှင့် မိန်းကလေး ၄၁ ဦးပါဝင်ပြီး ထိုအလုပ်သမားထဲတွင် လုပ်အားခလစာ သုံးလစာအပြင် passport လုပ်ရန်အတွက် တစ်လကို ဘတ် ၅၀၀ စီနှင့် (၈)လ ဖြတ်ခံထားရသူများနှင့် သူဌေးမက မြန်မာပြည်ကိုပြန်ရန် ကားလက်မှတ် ဝယ်ပေးမည်ဟုဆိုကာ ဘတ် ၅၀၀ စီ ဖြတ်ခံထားရသူများလည်း ပါဝင်ကြောင်း သိရသည်။
" passport ခ ဖြတ်ခံထားရသူ ၁၄ ယောက်၊ မြန်မာပြည်ပြန်ဖို့အတွက် ကားလက်မှတ်ခ အဖြတ်ခံရသူကတော့ ၉ ယောက်ဖြစ်ပါတယ်။ သူတို့ တောင်းဆိုကြတာကတော့ လစာ ၃ လစာ ပေးဖို့၊ passport ခ ဖြတ်ထားတာတွေနဲ့ မြန်မာပြည် ကားလက်မှတ်ခ ဖြတ်ထားတာတွေကို ထုတ်ပေးဖို့ အတွက် တောင်းဆိုထားပါတယ်။ အခုလောလောဆယ်မှာတော့ စားသောက်ဖို့အတွက် နေရာချပေးထားပါတယ်။ " ဟု အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသော ALC ( Arakan Labour Campaign ) မှ ကိုအောင်အောင်မှ ပြောသည်။
ယခုအမှုအား ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ပြီး မနက်ဖြန် အလုပ်ရှင်နှင့် ဆွေးနွေး ညှိနှိုင်းရန်အတွက် အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
" အမှုကတော့ ကြာသပတေးနေ့ကတည်းက လာအပ်တာ ဖြစ်ပါတယ်။ သောကြာနေ့က ကျွန်တော်တို့ ရုံးသွားတာ့ ညှိနှိုင်းဖို့ အဆင်မပြေသေးတာနဲ့ ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်။ ကြားထဲမှာ စနေ၊ တနင်္ဂနွေ ခြားသွားတော့ မနက်ဖြန်မှသွားပြီးတော့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ " ကိုအောင်အောင်က ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ သုံးသိန်းခန့်ရှိပြီး လုပ်အားခ ဖြတ်တောက်မှုများနှင့် အပြည့်အဝ မရရှိမှုများအပြင် အကြောင်းအမျိုးမျိုးဖြင့် အလုပ်ရှင်မှ ခြိမ်းခြောက်ကာ အလုပ်ထုတ်ခြင်းများကို ရင်ဆိုင်နေကြရပြီး မဲဆောက်မြို့ရှိ အလုပ်သမားများ၏ တစ်ရက်လုပ်အားခ အများဆုံးမှာ ဘတ် ၁၀၀ ခန့်သာ ရရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)