ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ ပြည်လမ်းမရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာနခန်းမ (IBC)တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။ ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များ၊ လွတ်တော်အမတ်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်လူမှုအသင်းအဖွဲ့များနှင့် ဂုဏ်သရေရှိ ရခိုင်လူကြီး လူကောင်းများ (၃၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ထာဝရငြိမ်းချမ်းမှု ရရှိစေရန်နှင့် အေးချမ်းသာယာသည့် အနာဂတ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ နုတ်ခွန်းဆက်အမှာ စကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ရခိုင်ပြည်နယ် သမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ထွီးက ၄င်းတွေ့ဆုံပွဲတွင် ဆွေးနွေးပွဲခဲ့ကြသော အကြောင်းအရာတချို့ကို ယခုလိုပြောသည်။
" ဆွေးနွေးကြတာကတော့ ရခိုင်ပြည်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြကြတဲ့အခါမှာ နိုင်ငံတော်လုံခြုံရေးအနေနဲ့ မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများ စိမ့်ဝင်ပျံ့နှံ့လာတဲ့အကြောင်းရယ်၊ ပဋိပက္ခများအတွင်းမှာလည်း ရခိုင်ပြည်သူများအနေနဲ့ အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရတာတွေကို အထူးတလေ တင်ပြသွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ်ရာကောင်းလာတဲ့ နယ်စပ်ဒေသများဖြစ်တဲ့ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှာ လုံခြုံရေးအရ ဘင်္ဂလီတွေပျံ့နှံ့နေထိုင်တာတွေကို အထူးစိစစ် အကာအကွယ်ပြုဖို့ တင်ပြသွားခဲ့ကြပါတယ်။ နောက်ပြီး တော့ မြန်မာနိုင်ငံ လုံခြုံရေးအခြေအနေအရ ၁၉၈၂ နိုင်ငံသားဥပဒေအား ထောက်ခံကြောင်း၊ ယာယီမှတ်ပုံတင်ကိစ္စနဲ့ မဲမေးခွင့်အား ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ပြန်လည် စီစဉ်ပေးဖို့ တောင်းဆိုသွားခဲ့ကြတယ်။ အဲဒီလိုပဲ တိုင်းရင်းသား တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကိုလည်း ကြိုဆိုထောက်ခံကြောင်း၊ ဒေသန္တာရဥပဒေကိုလည်း ပြဋ္ဌာန်းရန်းလိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအရ တက္ကသိုလ်ကျောင်းများသို့သွားသည့် လမ်းတဖက်တချက်ရှိ ဘင်္ဂလီများ အခြေစိုက် နေထိုင်နေကြတဲ့ ကျေးရွာများနှင့် စစ်တွေမြို့ရှိ ဘင်္ဂလီများ အခြေချ နေရာယူထားတဲ့ အင်ပါလာရပ်ကွက်ကို ရွေ့ပြောင်းပေးဖို့၊ ဒေသအတွင်း ဘင်္ဂလီများ ခိုးဆိုးလုယှက်မှု၊ သတ်ဖြတ်မှုတွေကို အရေးယူပေးဖို့၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးပေးဖို့နဲ့ ရခိုင်ဒေသလုံခြုံရေးအတွက် ရခိုင်လူထုတွေကို ရခိုင်သားတို့ ကာကွယ်ဖို့ ရခိုင်ပြည်သူ့ စစ်တပ်ဖွဲ့ကို ဖွဲ့စည်းပေးဖို့ တင်ပြ တောင်းဆိုသွားခဲ့ကြပါတယ်။ " ဟု ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း INGO များအခြေစိုက်လှုပ်ရှားမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာသည့်အတွက် နိုင်ငံတော်မှ စီစစ်ထိမ်းချုပ်ရန်၊ ၄င်းတို့ အခြေချမည့်ဒေသများ၊ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများကို ရခိုင်လူထုအား အသိပေးရန် တင်ပြတောင်းဆို ခဲ့ကြသည်။
ရခိုင်ပြည်တွင် လျှပ်စစ်မီး (၂၄)နာရီ ဈေးနှုန်းချိုသာစွာပေးရန်၊ ရခိုင်ပြည် ထွက်ကုန်ပစ္စည်းများ ကုန်သွယ်စီးပွားကောင်းမွန်လာစေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူလူထု အလုပ်အကိုင်နှင့် စီးပွားရေးကောင်းမွန်လာစေရေးအတွက် စက်ရုံ အလုပ်ရုံများ၊ အပန်းဖြေစခန်းများနှင့် ဟော်တည်ဇုံများကို အဆင့်မှီ တည်ဆောက်ပေးရန်၊ ပင်လယ်ထွက်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ အထူးစီပွားရေးဇုန်များတွင် နည်းပညာမြင့်မားသည့် နိုင်ငံများကိုလည်းကောင်း၊ နိုင်ငံသားများကိုလည်းကောင်း ရင်းနှီးမြှုပ်နှံ့ခွင့်များပေးရန်၊ ရခိုင်ပြည်၏ ပညာရေး၊ ကျန်းမာရေးအခန်းကဏ္ဍများ၊ စိုးပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊ နည်းပညာများကိုနှင့် အကူအညီများကို ပိုမိုမြင့်တင်ပေးရန်၊ အစိုးရနှင့် ပြည်သူများပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရခိုင်ပြည်မှထွက်သည့် သဘာဝသယံဇာတများအား ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည်သူလူထုအား အကျိုးခံစားခွင့်ပေးရန်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်များ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်း များကို တတ်ရောက်နိုင်ရန် တည်ဆောက်ပေးရန်နှင့် အခွင့်အလမ်းများပေးရန်၊ လယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေကြီးမှရွှေသီးနိုင်ဖို့် ရေမြောင်းနှင့် တာတမံများတည်ဆောက်ပေးရန်၊ တိမ်မြှုပ်ပျောက်ကွယ်တော့မည့် ရခိုင်လုံချည်နှင့် ရခိုင်ယက်ကမ်းအလုပ်ကို လူ့စွမ်းအားနှင့် အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးရန်၊ ခေတ်အဆက်ဆက်တန်ဖိုးထားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ပေးရန်၊ စသည်တို့ကို တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကို အကြောင်းအရာများအလိုက် အသေးစိပ်ဆွေးနွေးပြီး တင်ပြတောင်းဆို သွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေများကို တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှလည်းကောင်း၊ ရခိုင်ပြည်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို ဥပဒေပညာရှင် ဦးသာပွင့် စစ်တွေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လူမှုစီးပွားဆိုင်ရာများကို ဦးသိန်းရွှေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးရေးအတွက် ရခိုင်သဟရအသင်း ဥက္ကဋ္ဌ ဦးလှမောင်သိန်းမှလည်းကောင်း၊ လက်ရှိ ရခိုင်ပြည်ပညာရေးအခြေအနေများကို ရန်ကုန်ပညာရေး တက္ကသိုလ်မှ မောင်ဇော်မျိုးလှိုင်မှလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော လိုအပ်ချက်များကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်မှလည်းကောင်း ဆွေးနွေးတင်ပြသွားခဲ့ကြောင်းသိရသည်။ ထို့နောက် ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များက သက်ဆိုင်ရာမြို့နယ်များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို တောင်းဆိုသွားခဲ့ကြောင်းသိရသည်။
ထိုသို့ ဆွေးနွေးတင်ပြသွားချက်များအပေါ် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အကျဉ်းချုပ် စုစည်းတင်ပြထားသည့် စာတန်းနှင့် တသားတည်း ကိုက်ညီနေသည့်အတွက် အားရကျေနပ်ကြောင်း ဦးကျော်ထွီးက ဆက်လက် ပြောကြားခဲ့သည်။
" ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဆွေးနွေးပွဲကို စာတန်းတစ်ခုတင်သွင်းခဲ့ပါတယ်။ ရခိုင်ပြည်သူ လူထုတင်ပြချက်နှင့် လိုအပ်ချက်တွေက ကျနော်တို့ တင်ပြချက်က တသားတည်းထင်ဟပ်ပေါ်လွင်စေတာကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူနဲ့လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေး အလုပ်တွေ အတူတကွ တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အစိုးရကိုလည်း ရခိုင်ပြည်သူလူထု ဆန္ဒနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်ပေးဖို့ ကျနော်တို့ အဖွဲ့အနေနဲ့ စဉ်ဆက်မပျက် စောင့်ကြည့်သွားမယ်၊ တောင်းဆိုသွားမယ်၊ လိုအပ်ချက်နဲ့အညီ လူထုပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။ " ဟု ပြောသည်။
ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးမိသားစု တွေ့ဆုံဆွေးနွေးပွဲမှတင်ပြချက်များ၊ တောင်းဆိုချက်များကို ပြည်ထောင် စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အပါအ၀င် ပြည်ထောင်စုလွှတ်တော်သို့တင်ပြအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းစဉ်များကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)